DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းစစ်ဒေသခွဲ ပထမဆုံးတပ်ရင်း ၅၁၀၁ ကို စတင်တည်ထောင်ဖွဲ့စည်းကြောင်း NUG ကြေညာ
DVB
·
June 1, 2023
ရန်ကုန်တိုင်းစစ်ဒေသခွဲ ပထမဆုံးတပ်ရင်း ၅၁၀၁ ကို စတင်တည်ထောင်ဖွဲ့စည်းကြောင်း NUG ကြေညာ
Donate to DVB

ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို တည်ထောင်ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေအတိုင်း လေ့ကျင့်ရည်ပြည့်ဝပြီးတော့ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းတဲ့ စစ်သည်တော်ကောင်းတွေနဲ့ ဇွန် ၁ ရက် ဒီကနေ့ စတင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၅ ရက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းပြီးတော့ နိုင်ငံတဝန်းက စစ်ဒေသခွဲ နယ်မြေအသီးသီးမှာ တပ်ရင်း/တပ်ဖွဲ့တွေ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ဖို့ လမ်းညွှန်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ အနေနဲ့လည်း နယ်မြေအခြေအနေအရသာမက လုံခြုံရေးအရအရင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေနဲ့သာ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်တွေကိုတိုက်ခိုက်ခဲ့ရာကနေ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း/တပ်ဖွဲ့တွေကို ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ စနစ်တကျ စုဖွဲ့သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013