DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး သရက်သီးများ ပျက်စီး
DVB
·
May 16, 2023
မန္တလေးတွင် မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး သရက်သီးများ ပျက်စီး
Donate to DVB

မိုခါမုန်တိုင်းရဲ့အရှိန်နဲ့ မန္တလေးတိုင်းမှာ မေလ ၁၄ ရက်က လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် သရက်ခြံတွေက သရက်ပင်တွေနဲ့ အသီးတွေ ထိခိုက်ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ မြို့လှမြို့က သရက်စိုက်တောင်သူတဦးက ပြောပါတယ်။

အပင် ၂၀ လောက်နဲ့ ခူးဖို့ပြင်ဆင်ထားတဲ့ စိန်တလုံးသရက်သီး အလုံး ၁,၀၀၀ ကျော်လောက် ပျက်စီးသွားခဲ့ပြီး လေဒဏ်ခံထားရတဲ့ သရက်သီးတလုံးကို ငွေကျပ် ၂၀၀ နဲ့ ရောင်းတာတောင် ဝယ်မယ့်သူမရှိဘူးလို့လည်း ပြောပါတယ်။

အရင်နှစ်တွေကလည်း ကြွေကျပြီး လေဒဏ်ခံရတဲ့ အသီးတွေကို သရက်ပြင်နဲ့ သရက်ယိုလုပ်ဖို့ ဝယ်ယူခဲ့ပေမဲ့လည်း ပြန်ရောင်းချဖို့ စျေးကွက်မရှိတာကြောင့် အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိတယ်လို့ ပလိပ်မြို့က အသီးအနှံရောင်းချသူတဦးက ရှင်းပြပါတယ်။

ဒါ့အပြင် အပင် ၃၀၀ ပါတဲ့ သရက်ခြံတခြံကို ငွေကျပ် သိန်း ၂၀ မှ သိန်း ၃၀ အထိပေးပြီး ခြံအပြတ် ဝယ်ယူထားတဲ့သူတွေလည်း အခုလို လေပြင်းဒဏ်ကြောင့် အသီးတွေ ပျက်စီးသွားတဲ့အတွက် အရှုံးပေါ်ဖို့ သေချာသလောက် ရှိနေပြီလို့ ကျောက်ဆည်မြို့က သရက်ကုန်သည်တဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက မြန်မာ့သရက်သီးကို နိုင်ငံတကာဂလိုဘယ်ဂျီအေပီ လက်မှတ်နဲ့ ဥရောပဈေးကွက်ထိ ရောင်းချဖို့ ရှမ်းပြည်နယ် သရက်သီးအသင်းက ကြိုးစားခဲ့ပေမဲ့ သတ်မှတ်စံချိန်စံညွှန်း မမီတာနဲ့ သယ်ယူစရိတ် မြင့်မားတာတွေကြောင့် မအောင်မြင်ခဲ့ကြောင်း အဲဒီသရက်ကုန်သည်က ဖြည့်စွက်ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်ပကို သရက်သီးတင်ပို့မှုအနေနဲ့ တရုတ်နိုင်ငံကိုသာ ရောင်းချနေရတာဖြစ်ပြီး ပြည်တွင်းဝယ်လိုအားနဲ့သာ ရပ်တည်နေရတာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ သရက်သီးကို မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ အများဆုံး စိုက်ပျိုးကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013