Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ အထက်မင်းလှမြို့နယ် အရှိုချင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
April 28, 2023

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက မြင်းခြံကျားနက်တပ်ဖွဲ့ (MBT) ရဲ့ စစ်ရေးနယ်မြေအတွင်းကို နယ်ကျွံလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ MBT ကနေ သိရပါတယ်။

ရေစကြိုမြို့ MBT ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေကို နယ်ကျွံလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို  ဧပြီ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ လက်နက်ငယ်တွေ၊ လက်လုပ် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုပြည်သူ့ဆေးရုံမှာ အရေပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

“လောလောဆယ်မှာ ရေစကြိုမြို့အနှံ့မှာတော့ သူတို့ဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းတာတွေ ပြုလုပ်နေပြီး ကျနော်တို့ဘက်က ရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက အရှိုချင်း ကျေးရွာတရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဲဒီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

အထက်မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်အစပ်ကို ဧပြီ ၂၀၊ ၂၁ ရက်ကစပြီး စစ်ကြောင်း ၃ ကြောင်းထိုးကာ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ဧပြီ ၂၂ ရက် မနက် ၁၁ နာရီလောက်မှာ ရေရင် အရှို့ချင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၉ အိမ်ရှိတဲ့အနက် ၁၈ အိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ရေရင်ကျေးရွာ ဒေသခံတယောက်က  ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကို သတင်းကြိုရတဲ့အတွက် ပရဆိုင်ရွာ၊ တောင်ဖီလာ၊ ချောင်းသာ၊ ရေရင်၊ ငရုပ်ကောင်း (တောင်ရွာ၊ မြောက်ရွာ)၊ သရက်ချဥ် (အထက်၊ အလယ်၊ အောက်)၊ ညောင်ဝိုင်းနဲ့ ကျောက်စီကျေးရွာတွေက ဒေသခံပြည်သူ ၁,၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းက ကျေးရွာတွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ပြောပါတယ်။

ရေရင်ကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၂ ရက် မနက် ၈ နာရီလောက်မှာ တကြိမ် နေ့လယ်ပိုင်းမှာ မိုင်းအလုံး ၂၀ လောက်နဲ့ တကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပကဖ တာဝန်ခံ ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် ထိခိုက်မှုရှိပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းက တပ်မ ၈၈၊ ကပစ ၂၊ ၁၀၊ ၁၃ နဲ့ မင်းလှ၊ မင်းတုန်းမြို့နယ်ဘက်က ရဲတွေ အင်အား ၃၀၀ လောက် စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးကာ လက်ပံတံခါးဘက်က စစ်ကြောင်းက မွှေနှောက်မီးရှို့ပြီး မီးလောင်ကုန်းမှာ စခန်းချထားတဲ့ စစ်ကြောင်းနဲ့ တိုင်တား၊ သရက်ချည်ရွာဘက်ကထိုးတဲ့ စစ်ကြောင်းက ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။

ရေရင်ကျေးရွာကိုတော့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ မင်းလှမြို့နယ် ပကဖအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ပေးခဲ့ပြီး ရေရင်ကျေးရွာက မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်လောက်အတွက် NUG ရဲ့ လူသားစာနာကိုတင်ပြကာ အကူအညီပေးဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး စစ်ကြောင်းပြန်ဆုတ်သွားတဲ့အတွက် တချို့ကျေးရွာတွေက ရွာထဲတွေကို ပြန်ဝင်ကြသလို တချို့ရွာတွေလည်း နေရပ်မပြန်ရဲကြလို့ တောတောင်တွေထဲမှာ ဖြစ်သလို နေနေကြရတယ်လို့ ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မကွေးတိုင်အတွင်းက ကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၉,၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြေပေါင်း ၆၀,၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024