Home
မြန်မာသတင်း
ပုလောမြို့တွင် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဒေသခံလူငယ်များကို ဖမ်းဆီး
DVB
·
March 31, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက  ရပ်ကွက်နေ လူငယ်တချို့ကို မတ် ၂၉ ရက် ညနေ ၃ နာရီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အမှတ် ၁ ရပ်ကွက်ရှိ လူငယ် ၃၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့  ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ မနေ့က အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ စကစရဲ့ ရဲစခန်းနဲ့ ပုလောတံတားထိပ်မှာရှိတဲ့ ကင်းစခန်းတခုကို ဒရုန်းနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်။ ကင်းစခန်းတခုမှာ ချလိုက်တဲ့ ဗုံးကတော့ ပေါက်ကွဲသွားပြီး ရဲစခန်းကိုချလိုက်တဲ့ ဗုံးကတော့ မပေါက်ဘူး။ စကစဘက်က အထိအခိုက်ရှိတယ်” လို့ ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်ဘက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် လူငယ်တွေကိုလည်း ကားတစီးစာ ဖမ်းဆီးသွားကြတယ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေရဲ့ အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒေသခံတဦးကလည်း “ဒီမှာ ဖမ်းမိသွားတဲ့ အမျိုးသမီးကို စကစ သေနတ်ထောက်ပြီး ငွေညှစ်တယ်။ အဲဒီအမျိုးသမီးတွေကို ၄ နာရီလောက်ဖမ်းပြီး ပြန်လွှတ်ပေးတယ်။ အမျိုးသားတွေကျတော့ ပြန်လွတ်တဲ့သတင်းလည်း မကြားရသေးဘူး။ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024