Home
မြန်မာသတင်း
ပေါက်မြို့နယ် ပျူစောထီးရွာများတွင် NLD ပါတီထောက်ခံဝန်းရံသူများ နှိပ်စက်သတ်ဖြတ်ခံနေရ
DVB
·
July 31, 2022

မကွေးတိုင်း ပေါက်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ထောက်ခံဝန်းရံသူတွေ နှိပ်စက်သတ်ဖြတ်ခံနေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ဇေယျာသော် စစ်ဆင်ရေးပြီးတော့ ဇူလိုင် ၂၇ ရက်နေ့မှာ တပ်ကုန်းရွာမှာရှိတဲ့ ပျူစောထီးတွေက NLD ထောက်ခံသူ အယောက် ၂၀ လောက်အား သတင်းပေးတယ်လို့ စွပ်စွဲပြီး ရွာတောင်ဘက်ကို ခေါ်ယူကာ ဝါးဆစ်ပိတ်၊ ဝါရင်းတုတ်တွေနဲ့ ရိုက်နှက်နှိပ်စက်ကြတာကြောင့် ဒဏ်ရာရရှိခဲ့ကြတယ် လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီ ကိုပြောပါတယ်။

“အဲဒီအရိုက်ခံရသူတွေက တပ်ကုန်းရွာထဲမှာပဲရှိနေပြီး ဆက်သွယ်လို့မရသေးဘူး။ ရွာသစ်က လူငယ်လေးတယောက်ကိုလည်း သူအမျိုးထဲက PDF ထဲမှရှိတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ ခုထိ အစအနကို ရှာမတွေ့သေးဘူးဖြစ်နေတာ။ တကယ်လို့ ရွာထဲကနေ စစ်ဘေးရှောင်ပုံစံမျိုးနဲ့ ထွက်ချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာကနေရအောင်ထွက်ခဲ့ပြီး လမ်းကြောင်းဖွင့်ပေးပြီး နည်းနည်းပါးပါး စစ်မေးပြီး လိုရာခရီးကို သွားနိုင်အောင် အတတ်နိုင်ဆုံးကူညီပေးမယ်။” 

ပျူစောထီးတွေက ရွာကနေ လုံးဝထွက်ခွင့်မပေးဘဲ သေနတ်တွေနဲ့ထောက်ပြီး ရွာက ထွက်ပါက ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

“ထွက်သွားတဲ့ လူတွေကိုလည်း ပြန်ခေါ်တယ်။ ပြန်မလာဘူးဆိုရင် သူတို့အိမ်တွေကို ဖျက်ပြီး ပိုင်ဆိုင်သမျှကို အကုန်သိမ်းပြီး နောင်လည်းပြန်မလာခဲ့နဲ့လို့ ခြိမ်းခြောက်ထားတယ်။ သူတို့ တခုခုဖြစ်ရင် ကိုင်းလယ်ရဲစခန်းက စခန်းမှူး ရာဇူးမောင်နဲ့ပေါင်းပြီး အကြိမ်ကြိမ် ဖမ်းဆီးရိုက်နှက်တာတွေ လုပ်တယ်။ သူတို့ဘက်မပါရင် ရန်သူပုံစံမျိုးဆက်ဆံပြီး လက်နက်အားကိုး နဲ့ အနိုင့်ကျင့်တာ။ အဲဒီရွာတွေက NLD ပါတီ ထောက်ခံဝန်းရံသူတွေဟာ နှစ်ဖက်လုံးကို ကြောက်နေကြရတာ။ ပျူစောထီးတွေကိုလည်း တည့်အောင်ပေါင်းရပြီး ညဘက် အလှည့်ကျကင်းစောင့်ရတာတွေရှိတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ အခါမှာ ရန်သူ/မိတ်ဆွေ မခွဲခြားနိုင်လို့ ထိခိုက်တာတွေလည်းရှိမှာပဲ” လို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

ပျူစောထီးအားကောင်းတဲ့ ဒီးဒုတ်ကွင်းကျေးရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ အမျိုးသမီးတယောက်က "ကျမတို့ရွာက NLD ပါတီထောက်ခံသူတွေဟာ အကျယ်ချုပ်ကျသလို နေရပြီး လက်နက်မပါဘဲကင်းစောင့်ရတယ်။ လက်ကိုင်ဖုန်းတွေကိုလည်း အကုန်သိမ်းထားလို့ ဘယ်မှဆက်သွယ်လို့မရဘူး။ တချို့ဆိုရင် ခိုးဆက်ရတာ။ ပျူရွာလို့ နာမည်ထွက်ပြီးရင် ဘေးရွာတွေကလည်း လက်မခံချင်ကြဘူး။ ကျမတို့ဆိုရင် ရွာကနေထွက်လာတာ တနှစ်ကျော်ပြီ။ ပျူတွေနဲ့ မနေချင်လို့ သွားတာ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ ပြန်လို့လည်းမရတော့တဲ့ အခြေအနေကိုတောင်မှ ရွာတွေက လက်မခံချင်ကြဘူး” လို့ ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၅ လလောက်ကလည်း ဒီးဒုတ်ကွင်းရွာကနေ အလုပ်ကိစ္စနဲ့ အပြင်သွားတဲ့ ကိုစိုးပိုင်ဆိုသူဟာ သတ်မှတ်ချိန် ည ၆ နာရီ ကျော်ပြီးမှ ရွာထဲပြန်ဝင်လာတာကြောင့် ပျူစောထီးတွေက ရက်ရက်စက်စက် ဝိုင်းသတ်လို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီပါတီထောက်ခံသူတွေအနေနဲ့ အခွင့်ရေးရတဲ့အချိန် ရွာကနေ အမြန်ဆုံးထွက်ဖို့ လိုအပ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရအောင်ကယ်ထုတ်ပေးပြီး ကူညီစောင့်ရှောက်ပေးစေလိုတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နွေဦးတော်လှန်ရေးကလမှာ ကျဆုံးခဲ့တဲ့ ပြည်သူအရေအတွက် ၂၁၃၈ ယောက်နဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရသူ ၁၁၈၂၀ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျည်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024