DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ပျူရွာများကို စစ်ကောင်စီက လေကြောင်းမှ ရိက္ခာထောက်ပို့
DVB
·
May 11, 2025
ပခုက္ကူ ပျူရွာများကို စစ်ကောင်စီက လေကြောင်းမှ ရိက္ခာထောက်ပို့
Donate to DVB

ဒေသကာကွယ်ရေးအဖွဲ့တွေ ပိတ်ဆို့ထားတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ပျူစောထီး ကျေးရွာတွေကို ဧပြီလကုန်ပိုင်းကစပြီး စစ်ကောင်စီက လေကြာင်းကနေ ရိက္ခာ ထောက်ပို့မှု အများအပြား ပြုလုပ်ခဲ့တယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။ 

ပခုက္ကူခရိုင်ဟာ မြောက်ဘက်မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ စစ်ကိုင်းခရိုင်တို့နဲ့ ထိစပ်နေတာပါ။ အရှေ့ဘက်မှာတော့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်တို့နဲ့ နယ်မြေချင်းထိစပ်နေတာဖြစ်ပါတယ်။ 

မကွေးတိုင်းဘက်ကနေ မန္တလေး နဲ့ စစ်ကိုင်းဘက်ကို အာရက္ခတပ်တော် (AA) ထိုးဖောက်လာဖို့ ရှိနေတာကြောင့် မတ် ၂၈ ရက်နေ့ ငလျင်အလွန်ကာလကတည်းက စစ်ကောင်စီက ပခုက္ကူခရိုင်ထဲမှာ စစ်ကြောင်းတွေပြန်ထိုးခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာပါ။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “AA ကကျတော့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက PDF တော်တော်များများကိုလည်း စည်းရုံးမှုတွေ လုပ်ခဲ့တယ်၊ သူတို့နဲ့ ပူးပေါင်းလို့ရှိရင် သင်တန်းပေးသလို ရိက္ခာတွေပေးတယ်၊ လက်နက်ခဲယမ်းတွေ ထောက်ပံ့တာတွေလည်း ရှိနေတယ်။ ကျနော်တို့ ငဖဲလမ်းကနေပြီးတော့မှ ထိုးဖောက်ဖို့ရာအတွက် ကြိုးစားနေတယ်ဆိုတာလည်း ကြားရတယ်။ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ပျူရွာတွေ တော်တော်များများကလည်း ပြောမယ်ဆိုရင် ရာခိုင်နှုန်းတော်တော်နည်းတယ်လေ၊ ပေါက်မြို့နယ်ဆိုရင် ရွာပေါင်း ၂၇၀ လောက်ရှိတာမှာ ပျူရွာက ၅ ရွာလောက်ပဲရှိတာကိုး။ လောလောဆယ်မှာ အဲ့ဒီပျူရွာတွေကို သူတို့ ဟက်စကီးတွေနဲ့ရော လေယာဉ်တွေနဲ့ရော၊ ရိက္ခာတွေ အမြောက်အမြား သူတို့ချတာလည်း တွေ့ရတယ်လေ၊ သူတို့မှာ လေကြောင်းနဲ့ ပတ်သက်ပြီးတော့မှ ဖြည့်တင်းမှုတွေ ပိုလုပ်လာနိုင်တယ်ဆိုတာကိုတော့ တွေ့ရတယ်ပေါ့” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်နဲ့ကပ်ရပ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာလည်း စစ်ကောင်စီက လက်နက်ကြီး အထိုင်ချတာ၊ တပ်သားအင်အား တိုးမြှင့်ချထားတာ၊ မြို့အဝင်အထွက် စစ်ဆေးရေးတင်းကျပ်တာ၊ ရိက္ခာသယ်ယူမှု ကန့်သတ်တားဆီးတာတွေပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိးစားနေတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အကြီးတွေ ဘာတွေ ထိုင်ထားတယ်၊ ဂွေးပင်ညိုမှာ၊ တောင်အရှေ့ပိုင်းပဲ ဆိုပါတော့။ စစ်ဆင်ရေးနယ်မြေ လှုပ်ရှားမှုတွေက သူတို့ကို မသုံးဘူး၊ တပ်ကကောင်တွေပဲ လာတာလေ။ ကျနော်တို့နဲ့ ထိပ်တိုက်တွေတာ တပ်ကကောင်တွေ များတယ်၊ ၉၉ ကကောင်တွေ၊ ပျူတွေကို သိပ်မသုံးဘူး၊ တော်တော်ကြမ်းတယ် အစစ်အဆေးကတော့၊ ဒီဘက်ကသွားတဲ့သူတွေ မိလို့ကတော့ အပျောက်ပဲ လူရော ဘာရော၊ တယောက်မှ မရတော့ဘူး။ မြင်းခြံမှာ အဓိက ဘာတွေပါလဲဆိုတော့ ဂိတ်တွေမှာ စစ်ဆေးရေးတွေက ရွာခံက ပျူတွေပါနေတာလေ။ ကားပါ ကားသိမ်း၊ လူတွေပါ တခါတည်းဖျောက်၊ ဘယ်နှယောက် ပျောက်သွားမှန်းမသိဘူး၊ အဲဒီလိုတွေ ချနေတာ၊ ကြမ်းတာတော့ တော်တော်ကြမ်းတယ်၊ ဆန်ဆိုရင် တအိတ် သယ်လို့မရဘူးပေါ့၊ အိတ်ဝက်ပဲ သယ်လို့ရတယ်၊ ဆိုးတယ် တော်တော်ဆိုးတယ်။”

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်း၊ နန်းမြင့်တောင်ကြားလမ်းပိုင်းကို ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက သာလွန်အင်အားနဲ့ဖိအားပေးပြီး ပြန်ထိန်းချုပ်ထားပါတယ်။ 

စစ်ကိုင်း ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ မေလ ၈ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၃၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် နိုင်ငံတဝန်းမှာ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၄၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013