DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများ မဖွင့်နိုင်သေး
DVB
·
January 26, 2022
တိုက်ပွဲကြောင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများ မဖွင့်နိုင်သေး
Donate to DVB

ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မြို့မှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာဆိုင်ရာ အသီးသီး ရုံးဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါဘူး။

လွိုင်ကော်မြို့တွင်းမှာ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲကစပြီး ညပိုင်းအထိ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ အဲဒီနေ့ကစပြီး စစ်ဘေးရှောင်နေကြရပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့မှာတော့  စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေအပြင် လေကြောင်းနဲ့ပါ ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့ပေါ်ဒေသခံတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီး လွိုင်ကော်မြို့တွင်း ဌာနဆိုင်ရာအားလုံး ရုံးမတက်နိုင်တော့ဘဲ ရုံးတွေ ပိတ်ထားခဲ့ရပါတယ်။

ဇန်နဝါဝါရီ ၂၅ ရက်နေ့မှာတော့ ရုံးတွေ ပြန်တက်ဖို့ အထက်အရာရှိတွေ ဖုန်းဆက် ညွှန်ကြားထားပေမယ့် မိသားစုဝင်တချို့ စစ်ရှောင်နေကြလို့ ရုံးမဖွင့်နိုင်သေးတဲ့ အနေအထားဖြစ်တယ်လို့ ဝန်ထမ်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ယန္တရားရပ်နေတာ ကြာပြီလေ။ လောလောဆယ် ဘယ်ဌာနမှ ဖွင့်ထားတာ မရှိဘူး။”

လွိုင်ကော်မြို့ရှိ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့  လူနာတွေလည်း  ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး တောင်ကြီးမြို့ကို ရွှေ့ပြောင်းသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လတ်တလော လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသလို မီးလည်း ပျက်နေတဲ့အတွက် အဘက်ဘက် အဆင်မပြေတာကြောင့် ရွှေ့ပြောင်းရတာလို့ ကျန်းမာရေးဝန်ထမ်းအချို့က အတည်ပြုပြောဆိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် ပြောခွင့်ရသူတဦးက  လက်ရှိ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကွယ်ရေး တပ်မတော် (KNDF) အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာ ၅ ရက်ရှိပြီဖြစ်ပြီး အင်တာနက် အခက်အခဲကြောင့် အချိန်မီသတင်း မထုတ်ပြန်နိုင်တာဖြစ်ကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်နီပူးပေါင်းတပ်အပြင် ဒေသ PDF နဲ့ပါ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြေပြင်ရော ဝေဟင်နဲ့ပါ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်လည်း ဒေသခံပြည်သူတွေရဲ့ နေအိမ်ထိမှန် ပျက်စီးမှုတွေ ရှိနေသလို ဒေသခံပြည်သူလည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးနေရပါတယ်။

လွိုင်ကော်မြို့ လူမှုကူညီရေးအသင်းတခုရဲ့ ပြောဆိုချက်အရက် လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ဒီကနေ့အချိန် သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၃ လောင်းကို ကောက်ယူ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ခန့်မှန်းခြေတော့ ၁၃ လောင်းတော့ရှိပြီပေါ့။ လမ်းမှာလည်း ရှိတယ်။ အိမ်ထဲမှာတွေရောပေါ့။ ကျည်ထိလား ဘာလားတော့ မသိဘူး။ သွေးထွက်တာ၊ ဒဏ်ရာရတာ သေတယ်ဆိုရင် ကျနော်တို့ ကြည့်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ဒါတွေကို ပြန်တင်တယ်၊ ပြီးရင် မြေမြှုပ်ပေးတယ်။ သူ့ဘာသူ ဘာထိထိ ဘယ်လိုထိထိ ကျနော် စိတ်မဝင်စားပါဘူး။ သူများက အကူအညီလာတောင်းရင် ကျနော်တို့က လုပ်ပေးတယ်။ ဒီလောက်ပါပဲ။”

လွိုင်ကော်မြို့ပေါ်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံသောင်းချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အိမ်ရှင်မရှိတဲ့ နေအိမ်တွေရဲ့ ပစ္စည်း ခိုးယူဖျက်ဆီးခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013