DVB Logo
Home
မြန်မာသတင်း
စစ်ရဟတ်ယာဉ်ပစ်ချခံရ၊ တင့်ကားမီးလောင်၊ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးဟု KNDF ထုတ်ပြန်
DVB
·
January 8, 2022
စစ်ရဟတ်ယာဉ်ပစ်ချခံရ၊ တင့်ကားမီးလောင်၊ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးဟု KNDF ထုတ်ပြန်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်သေဆုံးကာ စစ်ကောင်စီရဲ့ တင့်ကားတစီးနဲ့ ရဟတ်ယာဉ်တစင်းကို ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းရပ်ကွက်နဲ့ ဒီးမော့ဆိုမြို့နယ် ၅ မိုင်၊ ၆ မိုင် တဆက်တည်းတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်တွေဘက်က ဗိုလ်အဆင့်ရှိသူ တယောက် အပါအဝင် အနည်းဆုံး အယောက် ၃၀ သေဆုံးကာ  အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ  ၂ စင်းနဲ့ပါ မွန်းလွဲ ၂ နာရီလောက်ကစပြီး ည ၇  နာရီအထိ ၁၀ ကြိမ်လာ ရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ည ၈ နာရီလောက်က  စစ်ရဟတ်ယာဥ်တစ်စင်း လွိုင်ကော်မြို့ဘက် လာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာအနီး ပျက်ကျမီးလောင်ပျက်စီးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့သတင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ညပိုင်းလေကြောင်းတိုက်ခိုက်မှုမှာ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်က ပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ တင့်ကားတွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ပေမဲ့ အကျအဆုံးများတဲ့အပြင် စစ်ကောင်စီရဲ့ တင့်ကားတစီး မီးလောင်ပျက်စီးခဲ့သလို  လက်နက် ၁၁ လက်၊ လက်နက်ကြီးကျည်နဲ့  လက်နက်ငယ်ကျည်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်  (၅) မိုင် (၆) မိုင်နဲ့ ဒေါပိုးစီတို့မှ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဖောက်ထွင်းခိုးယူကာ ကားနှစ်စီးဖြင့်သယ်ဆောင်သွားပြီး လူနေ အိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။   

လွိုင်ကော်မြို့တိုက်ပွဲအတွင်း PDF (လွိုင်ကော်) မှ ရဲဘော်တယောက်ကျဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေရှိနေပြီး ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာလည်း ထိဒဏ်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ 

ဒီကနေ့ တိုက်ပွဲမှာ  ပြည်သူ့ရဲဘော်အချို့ ဒဏ်ရာရရှိကြပြီး လွိုင်ကော် PDF မှ ရဲဘော် ရီးရယ်ထွန်းကြည် (ခ) သျှောင်ကြီးဗွေ တိုင်းပြည်အတွက် အသက်ပေးလှူသွားရကြောင်း PDF လွိုင်ကော်က သတင်းထုတ်ပြန်ထားပါတယ်။ 

ရဲဘော် ရီးရယ်ထွန်းကြည်ဟာ လွိုင်ကော်မြို့ မိုင်းလုံနဲ့ ပန်ကန်းတစ်ဝိုက်ရှိ အိမ်ပြင် မထွက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကို  အိမ်ပြင်သို့ ကယ်ထုတ်နေချိန် ဒဏ်ရာရရှိကာ ကျဆုံးသွားတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်ခဲ့တဲ့အပြင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ထဲက အထပ်မြင့်အဆောက်အဦးပေါ်ကနေ စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း ရပ်ကွက်တွေမှာရှိတဲ့ အရပ်သားပြည်သူ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ 

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တို့မှာ စစ်ရေးအရှိန်မြင့်နေပြီး  လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုပြင်းထန်နိုင်လို့ ပြည်သူတွေအနေနဲ့  လေကြောင်းရန်မှ အကာအကွယ်ဖြစ်နိုင်တဲ့ နေရာတွေမှာ နေကြဖို့နဲ့ တိုက်ပွဲဖြစ်နိုင်တဲ့နေရာတွေမှာ  နေထိုင်သွားလာတာမလုပ်ဖို့ KNDFက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo-KNDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013