Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ
DVB
·
April 22, 2021

အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့ရက်စွဲနဲ့ ကြေညာပါတယ်။

ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ငြိမ်းချမ်းလူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ဧပြီလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) အားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် CNO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ကိုပါ ပူးတွဲဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

CNO/CNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေး အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ  စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ လှုပ်ရှားတက်ကြွတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ပေါင်း (၄) ဖွဲ့ရှိပြီဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် (ZRO/ZRA)၊ ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တို့ဖြစ်သည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024