Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်၊ မြန်မာပြည်ဆိုင်ရာသတင်းများ လူ့အခွင့်အရေးသတင်းဆု ဆွတ်ခူး
DVB
·
May 3, 2024

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံမှာ ဆက်လက်ပါဝင်နေတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ၂ဝ၂၄ အညွှန်းကိန်းအရ သိရပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး မေ ၃ ရက် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ RSF က ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အဆင့် ၁၇၃ မှာ ရှိနေရာက ဒီနှစ်မှာတော့ ၂ ဆင့် ထပ်တက်လာကာ အဆင့် ၁၇၁ ကို ရောက်လာပေမဲ့ မြန်မာနိုင်ငံဟာ အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်းနဲ့ တရုတ်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေတာပါ။

သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်ဆုံး ၅ နိုင်ငံ စာရင်းမှာတော့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတွေ ပါဝင်ပါတယ်။

၂ဝ၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းထောက် ၁၂ ဦး သေဆုံးပြီး သတင်းထောက်နဲ့ မီဒီယာလုပ်သား အယောက် ၅၇၀ ဖမ်းဆီးထိန်းသိမ်းခံထားရတာမှာ မြန်မာနိုင်ငံက သေဆုံးသူ သတင်းထောက် ၁ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၆၂ ဦး ပါဝင်ပါတယ်။

ဒီနှစ်ထဲ မြန်မာနိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ သတင်းထောက်ကတော့ ရခိုင်ပြည်နယ်က သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ ဖြစ်ပြီး မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ထဲမှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟဟာ ၅ ယောက်မြောက် သတင်းထောက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးမှုက အဆိုးဆုံးအခြေအနေမှာရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာပါဝင်ပါတယ်။
တရုတ်နိုင်ငံဟာ သတင်းသမားတွေ ဖမ်းဆီးမှု အများဆုံးနိုင်ငံလို့ဆိုပေမဲ့ ကိန်းဂဏန်းတွေအရကတော့ မြန်မာနိုင်ငံက သတင်းသမားတွေဖမ်းဆီးခံထားရမှုက အများဆုံးဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေဖိနှိပ်မှုက အဆိုးဝါးဆုံးဖြစ်တယ်လို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ရဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်မင်း က ပြောပါတယ်၊
"ကျနော်တို့လက်ရှိအချိန်ထိ သတင်းသမား ၅၄ ယောက်ထောင်ထဲမှာ ရှိနေတုန်းပဲ တချို့ကတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ တချို့ကတော့ အမှုရင်ဆိုင်ဆဲအနေအထားပေါ့။ အဲဒီအထဲမှာ ‌သေဒဏ်ရင်ဆိုင်နေရတဲ့သူတွေတောင်ရှိတယ်။ လက်စတုံးသတ်ဖြတ်ခံရတဲ့ကိစ္စတွေ နောက်တခါ စစ်‌ကြောရေးမှာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခံရတဲ့ကိစ္စတွေ၊ နောက်စစ်ပွဲထဲ လက်နက်ကြီးထိလို့သေဆုံးတာ စုစုပေါင်း ၅ ယောက် ဖြစ်သွားပြီပေါ့နော်။ ဒီကိန်းဂဏန်းတွေအရ ကမ္ဘာမှာရှိတဲ့အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်ကျနော်တို့ မြန်မာသတင်းသမားတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုက အဆိုးဝါးဆုံးအခြေအနေကိုရောက်နေတယ်လို့‌ တွေ့ရတယ်။"

RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀ အနက် ၁၇၁ နဲ့ အောက်ခြေမှာ ဆက်လက်ရပ်တည်နေပြီး မြန်မာပြည်သူတွေ လိုလားတောင့်တကြတဲ့ လွတ်လပ်၍ အမှီအခိုကင်းတဲ့ မီဒီယာကဏ္ဍဟာ ဒီမိုကရေစီကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ ဒါကို  ကာကွယ်စောင့်ရှောက်ကြရပါမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ လွတ်လပ်သောသတင်းမီဒီယာရဲ့ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ကြီးမားတဲ့ ကိုယ်ကျိုးစွန့်လွှတ် ပေးဆပ်မှုတွေ မကြာခဏ ကြုံရတဲ့တိုင် မဆုတ်မနစ် ကြိုးပမ်းကြတဲ့ သတင်းထောက်တွေကို လေးစားဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်း ခိုင်မာစေရေး အားပေးထောက်ခံသွားမယ်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ ဒီနေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ သဘောထားရပ်တည်ချက်တရပ်ကို ထုတ်ပြန်ကြေညာပါတယ်။

သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက် နှောင့်ယှက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ဒီလုပ်ရပ်တွေ ပပျောက်သွားစေဖို့နဲ့ သတင်းသမားတွေကို ကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်မယ်၊ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသွားမယ်လို့ ဆိုပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်နဲ့ စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူးအရေးပါတာနဲ့အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ် ပိတ်ပင်တားဆီးတဲ့ ဘယ်လိုလုပ်ရပ်မျိုးကို မဆို အခိုင်အမာ ဆန့်ကျင်မှာဖြစ်ပြီး သတင်းမီဒီယာတွေရဲ့ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမယ့် ကန့်သတ်တားဆီးချုပ်ချယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ (HRW) ကလည်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အာရှတိုက်ဆိုင်ရာ Human Rights Press Awards ဆုတွေ ကဏ္ဍ ၇ ခုခွဲပြီး ကြေညာခဲ့ရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သတင်းတင်ဆက်မှုတွေက ဆု ၃ ဆုထိ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပေါ်တူဂီနွယ်ဖွား ဘရင်ဂျီလူမျိုးတွေ ဖိနှိပ်ခံရမှုအကြောင်း တင်ဆက်ထားတဲ့ Frontier Myanmar က သတင်းဆောင်းပါးက Newsroom in Exile ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။

Podcast ကဏ္ဍမှာလည်း Frontier Myanmar က Doh Athan 1: Relatives search for the Missing နဲ့ Doh Athan 2: Conflict Causes Severe Food Shortages in Naga Area က ဆွတ်ခူးခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာမှာ မြန်မာစစ်တပ်ကို တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေအကြောင်း ရိုက်ကူးခဲ့တဲ့ AFP သတင်းဌာနက သတင်းဓာတ်ပုံဆု ဆွတ်ခူးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း သတင်းတင်ဆက်ထားတဲ့  နယူးယောက်တိုင်းမ်သတင်းစာက “ကိုယ့်ပြည်သူကိုယ်ဗုံးကြဲတဲ့တိုင်းပြည်” (The Country that bombs its own people) ဆောင်းပါးနဲ့ တနင်္သာရီတိုင်းက တော်လှန်ရေးလှုပ်ရှားမှုပုံရိပ်တွေ ရိုက်ကူးထားတဲ့ Frontier Myanmar က သတင်းဓာတ်ပုံတွေလည်း ဂုဏ်ပြုဖော်ပြခံခဲ့ရပါတယ်။

ဒီဆုတွေကိုတော့ Human Rights Watch၊ အရီဇိုးနားပြည်နယ်တက္ကသိုလ်က Walter Cronkite School of Journalism and Mass Communication ဌာန ထိုင်းနဲ့ ထိုင်ဝမ်က နိုင်ငံခြားသတင်းထောက်များ ကလပ်တို့က ကြီးကြပ်ရွေးချယ်တာ ဖြစ်ပါတယ်။

တခြားဆုရသူတွေထဲမှာ တာလီဘန်အုပ်စိုးမှုအောက်က  အာဖဂန်အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့ အကြောင်း တင်ဆက်ထားတဲ့ Newsroom in Exile ဆု ပူးတွဲရရှိခဲ့တဲ့ Zan Times က ဆောင်းပါးလည်း ပါဝင်ပါတယ်။

စုံစမ်းဖော်ထုတ်ရေးသားမှုကဏ္ဍက အင်္ဂလိပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကား ၂ ဆု၊ ဓာတ်ပုံဆု၊ Multimedia ဆု၊ Documentary Video ဆု၊ အသစ်ချီးမြှင့်တဲ့ Podcast ဆုနဲ့ Newsroom in Exile ဆုဆိုပြီး ဆု ၇ ဆု ပေးအပ်တာဖြစ်ပြီး ပူးတွဲရရှိသူတွေလည်း ရှိပါတယ်။

Guardian သတင်းစာက ရေးသားတဲ့ ဆော်ဒီအာရေဗျက အဓမ္မစေခိုင်းခံရတဲ့ နီပေါရွှေ့ပြောင်းလုပ်သားတွေအကြောင်း ဆောင်းပါးက စုံစမ်းဖော်ထုတ်မှုဆုကို ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းလင့်ခ်များ...

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024