
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြိမ်းခြောက်နေသူတွေစာရင်းမှာ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ကို ထည့်သွင်း ဖော်ပြထားပါတယ်။
အဆိုပါ စာရင်းမှာတော့ သတင်းမီဒီယာသမားတွေကို ထိပါးခြိမ်းခြောက်အန္တရာယ်ပြုတာတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်တိုက်ခိုက်သူတွေကို နိုင်ငံအလိုက်ဖော်ပြထားခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တရုတ် သမ္မတ ရှီကျင်းပင်၊ ရုရှား သမ္မတ ဗလာဒီမီယာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အပါအဝင် ၃၇ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။
RSF ရဲ့ ဖော်ပြချက်မှာတော့ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင်ကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဒီစာရင်းမှာ ထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာ၊ သတင်းမီဒီယာသမားတွေကို အကြမ်းဖက်ဖမ်းဆီးထောင်ချတာတွေနဲ့အတူ “အကြမ်းဖက်မှုတွေ တကျော့ပြန်လာပြီ”လို့ ရည်ညွှန်းဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
ဒီစာရင်းထဲမှာတော့ အာဆီယံ ၁၀ နိုင်ငံထဲက ၆ နိုင်ငံ ပါဝင်နေပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေ၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖု၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီစာရင်းထဲမှာ အမျိုးသမီးခေါင်းဆောင် ၂ ယောက်ပါဝင်နေပြီး သူတို့ကတော့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကယ်ရီလန်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းထားတဲ့ ကာလဟာ ၇ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံရ သူတွေထဲ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သာမန်အ ရပ်သားပြည်သူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သတင်းသမား အယောက် ၅၀ ကျော်ကိုဖမ်းဆီးထောင်ချခဲ့ပြီး တချို့ ပြန်လွတ်လာပေမဲ့ အယောက် ၃၀ ကျော် ဆက်လက်ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
Photo- RSF