မန္တလေးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

မေလ ၁၈ ရက် မန္တလေးမြို့က  ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပုံရိပ်များ။

Photo-MPA

26 seconds Ago

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate

China Focus

တရုတ်ဘာကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်တည်နေသလဲ (ဆောင်းပါး)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၂၀၂၁ ခုနှစ် မေလအတွက် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေ ပိုပြီး ဆိုးရွားမလာစေရေးအတွက် သံတမန်ရေးနည်းလမ်းတွေ အသုံးပြုခြင်းအားဖြင့် ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း မေလ ၄ ရက်နေ့ ဗွီအိုအေသတင်းမှာ ဖေါ်ပြပါတယ်။ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်မှာ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် နိုင်ငံက ရှင်းလင်းတင်ပြရတဲ့ အစဉ်အလာရှိပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်လာဖို့ ရှိ/မရှိ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ တရုတ်သံအမတ်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း သိရတယ်။

သံတမန်ရေး ကြိုးပမ်းမှုတွေနဲ့ အခြေနေ ပိုမို တင်းမာမှု ဖြစ်မလာအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။  တကယ်လို့ အခြေအနေ ပိုမို တင်းမာလာခဲ့ရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဖြစ်လာမယ်လို့ သူကသုံးသပ်ထားတယ်။  ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာရင် အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်ပြီး၊ ထိခိုက်သေဆုံးမှုတွေ ပိုများလာနိုင်တာကြောင့် မြန်မာနိုင်ငံတွင်း အခြေအနေ ယိုယွင်းမယ့် လမ်းကြောင်းပေါ် ရောက်သွားနိုင်တယ်လို့ ဆိုတယ်။ ဒီအပြင် ပြည်တွင်းစစ် ဖြစ်တဲ့ အနေအထားအထိ ဆိုက်ရောက်သွားနိုင်တယ်လို့ Zhang Jun က ပြောကြားခဲ့တယ်။

တရုတ်အနေနဲ့ လက်ရှိမြန်မာ့အရေးကို တကယ်ပဲ သံခင်းတမန်ခင်းအရ ဖြေရှင်းနိုင်တယ်လို့ ရိုးရိုးသားသား ယုံကြည်တာလား။ ဒါမှမဟုတ် အခြေအနေမလှတော့တဲ့ သူ့ရဲ့သစ္စာခံ စစ်ကောင်စီကို ပြန်လည်ကျားကန်ပေးနိုင်ရေးအတွက် အချိန်ဆွဲနေတာလားဆိုတာ သံသယဖြစ်စရာ ကောင်းပါတယ်။ လက်ရှိ အခြေအနေမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု  ရက်ပေါင်း ၉၀ ကျော်လာချိန်အထိ ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုကို စစ်တပ်က အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ထိန်းချုပ်နိုင်ခြင်း မရှိတာတွေ့နေရတယ်။ 

ဂျန်ဇီလို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးသန္နိဋ္ဌာန်ခိုင်မာမှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပြင်းပြထက်သန် နေတာတွေ့ရတယ်။ နွေဦးတော်လှန်ရေးလို့ အမည်တွင်တဲ့ လက်ရှိစစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ စစ်တပ်က အာဏာမစွန့်လွှတ်သရွေ့၊ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပြီး၊ ရွေးကောက်ခံ ပြည်သူ့အစိုးရထံ အာဏာပြန် လည် လွှဲအပ်မပေးသရွေ့၊ အနိုင်မခံ အရှုံးမပေးဘဲ ဆက်လက်တိုက်ပွဲ ၀င်နေကြမှာဖြစ်တယ်လို့ ကြေညာထားတယ်။ ဒီအခြေအနေကို တရုတ်နိုင်ငံအနေနဲ့ ကောင်းကောင်း သိရှိထားလိမ့်မယ်လို့ယူဆတယ်။ 

တရုတ်အနေနဲ့အာဆီယံအဖွဲ့ကို အသုံးချပြီး သံတမန်နည်းအရ အခြေအနေ ပြေလည်အောင် ကြိုးစားတဲ့ရည်ရွယ်ချက်က အရင်အခြေအနေအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပိုနေမြဲ ကျားနေမြဲ (Status quo) ပြန်နေကြဖို့ နားချလိုပုံရပါတယ်။ ဒါမှသာ မြန်မာ့ရေမြေတောတောင် သယံဇာတတွေကို တရုတ်က ဆက်လက် လက်ဝါးကြီးအုပ်နိုင်မှာလို့ ယူဆပုံပါပဲ။ စစ်တပ်က အာဏာလက်မဲ့ ဖြစ်သွားရင် မြန်မာနိုင်ငံကို တရုတ်ထိန်းချုပ် သွေးစုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရပ်သားအစိုးရ လက်ထဲ အချုပ်အချာအာဏာ ပြန်ရရှိသွားမှာကို တရုတ်က မလိုလားပါဘူး။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် အာဏာသိမ်းမှု ကျူးလွန်မယ့် အခြေအနေကို တရုတ်က ကြိုတင်သိရှိခဲ့တယ်လို့ ယူဆနိုင်လောက်တဲ့ အထောက်အထားတွေလည်း ရှိခဲ့တယ်။ တရုတ်ကသာ အာဏာသိမ်းမယ့် အစီအစဉ်ကို မထောက်ခံခဲ့ရင် မြန်မာနိုင်ငံ အခြေအနေ အခုလို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစရာ ဖြစ်လာမှာ မဟုတ်ဘူး။ တရုတ်ကိုယ်နှိုက်ကိုက  မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှုအပေါ် အထင်သေးခဲ့ပုံရပါတယ်။ အာဏာသိမ်းလိုက်ရင်လည်း မြန်မာပြည်သူတွေ ခေါင်းငုံ့ခံနေကြ လိမ့်မယ်လို့ ထင်မြင်နေပုံရတယ်။ မြန်မာပြည်သူကို အထင်သေးမှု အတိုင်းအတာအရတော့ မင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်၊ ၀မ်ယီတို့ တထပ်တည်းလို့  ဆိုရမှာ ဖြစ်တယ်။ 

တရုတ်အနေနဲ့ သံတမန်နည်းအရ စွမ်းဆောင်နိုင်မယ်လို့ ရိုးရိုးသားသား ထင်ရင် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ အကြမ်းဖက် စစ်တပ်ကို တိုက်တွန်းသင့်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခိုင်းဖို့လည်း လိုတယ်။ မင်းအောင်လှိုင်စစ်ကောင်စီအနေနဲ့အဲဒီလို တောင်းဆိုမှုကို လက်ခံနိုင်မှာ မဟုတ်သလို နွေဦးတော်လှန်ရေး ဘက်တော်သားတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို လုံးဝ ပြန်သွားမှာ မဟုတ်ဘူး။ ဒီအခြေအနေကိုကြည့်ရင် တရုတ်သံအမတ်ကြီး Zhang Jun ရဲ့ သံတမန်ရေးနည်းလမ်း အသုံးပြုခြင်း ဆိုတဲ့နည်းဟာ လုံးဝအလုပ်ဖြစ်မှာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ 

တရုတ်အစိုးရအနေနဲ့ အာဆီယံအဖွဲ့ကြီးကို မြန်မာ့အရေးကိစ္စမှာ အဓိကနေရာကနေ ပါဝင်သင့်တယ်လို့ ရှုမြင်ကြောင်း လည်း Zhang Jun က ဆိုတယ်။ အာဆီယံဟာ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အခြေအနေကို သိရှိနားလည်ကြတယ်။  အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသတွင်းပြဿနာကို ကိုင်ကွယ်ဖြေရှင်းရာမှာ အဓိက ကဏ္ဍကနေ ပါဝင်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက  ဆိုတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ပြန်သွားနိုင်သေးတဲ့ အချိန်ဖြစ်ကြောင်းလည်း Zhang Jun က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အများအပြား ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် အကိုင်အတွယ်မှားရင် ပရမ်းပတာ ဖြစ်သွားနိုင်ကြောင်း၊ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံကို နဂို အခြေအနေ ပတ်ဝန်းကျင် ပြန်ရောက်စေလိုတဲ့အတွက်  နိုင်ငံရေးပါတီတွေကနေတဆင့် နိုင်ငံရေးအဖြေရှာနိုင်ရေး လုပ်ဖို့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့ ဆိုတယ်။

တရုတ်အစိုးရဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်နေပြီး အကြမ်းဖက်မှု၊ လူသေဆုံးမှုတွေ ရှောင်ပြီး ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေကြောင်းလည်း Zhang Jun က ဆိုတယ်။ မြန်မာနိုင်ငံပြဿနာကို သံတမန် နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင်  လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့တယ်။ အစည်းအဝေးအပြီးမှာ  မြန်မာစစ်ကောင်စီ အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။ 

ကြေညာချက်အရ အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းရမယ်။ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာရမယ်။ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးကြရမယ်။ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမယ်။ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေး ဆောင်ရွက်ရမယ်။ ပဉ္စမအချက်က အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့် ရရှိအောင် ဆောင်ရွက်ရမယ် အစရှိတဲ့ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုတယ်။

ဖေါ်ပြပါ အာဆီယံ ဘုံသဘောတူချက်  ၅ ချက် ဟာ တရုတ်က မြန်မာ စစ်ကောင်စီနဲ့ သဘောတူ စီစဉ်ရေးဆွဲထားတဲ့ လမ်းညွှန်မူ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူများက ယူဆကြတယ်။ ဘာကြောင့်လည်းလို့ဆိုရင် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ (၁၀) နိုင်ငံသဘောတူညီချက် ၅ ချက်မှာပါဝင်လာခြင်း မရှိခဲ့တာကြောင့် ဖြစ်တယ်။

သံတမန်နည်းသုံးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြရမှာ ဖြစ်တယ်။ ဒါကြောင့် အဓိက ပါ၀င်ဆွေးနွေးရမယ့် ပုဂ္ဂိုလ်တွေကို အကျဉ်းချထားပြီး ပြဿနာဖြေရှင်းရေးလုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အရင်ဆုံးလုပ်ရမယ့်အလုပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ဖိအားပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က NLD ပါတီကို အကြောက်လွန်နေတယ်။ ဒါကြောင့် NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အငုံ့စိတ်ရှိနေတယ်။ အမှန်က စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လုပ်ကြံအကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ အမှန်စင်စစ်၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်းပြည်ပက အသိအမှတ်ပြုပြီးဖြစ်တယ်။

ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေ (Diplomatic  ways and means) အသုံးပြုခြင်းအားဖြင့် ဖြေရှင်းသင့်တယ်လို့ဆိုတယ်။ Zhang Jun ကလည်း မင်းအောင်လှိုင်ရဲ့အလိမ်အညာစကားအတိုင်း ပြဿနာက ရွေးကောက်ပွဲအပေါ်အခြေခံပြီး ဖြစ်တာကြောင့် နိုင်ငံရေးပါတီအားလုံး ပါ၀င်ညှိနှိုင်းဆွေးနွေးဖိုလိုတယ်လို့ ဆိုတယ်။ အဲဒီစကားကို ထောက်ရင် တရုတ်အစိုးရနဲ့ မြန်မာ အကြမ်းဖက် စစ်ကောင်စီဟာ တကျိတ်တည်း တဉာဏ်တည်းဆိုတာ ပေါ်လွင်နေတယ်။ 

ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ ဧပြီ ၃၀ ရက်နေ့ တံခါးပိတ်အစည်းအဝေးအတွင်း မြန်မာစစ်ကောင်စီကို အဓိက ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့ ကန့်ကွက်မှုမရှိစေဖို့ အနောက်နိုင်ငံတွေက အလျှော့ပေးခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီနောက်မှ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခဲ့ကြောင်းသိရတယ်။ "ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အပေါ် လုံခြုံရေးကောင်စီက နောက်တကြိမ် ထပ်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်" ဆိုတဲ့စာသားနဲ့ "စစ်တပ်အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုတယ်" ဆိုတဲ့ စာသားတွေကို တရုတ်နဲ့ ရုရှားတို့ရဲ့ တောင်းဆိုချက်ကြောင့် ဖြုတ်ပေးခဲ့ရတယ်လို့ ဗွီအိုအေသတင်းမှာ ဖေါ်ပြတယ်။ လုံခြုံရေးကောင်စီမှာ တရုတ်ရဲ့အကာအကွယ်ရရှိဖို့ မြန်မာ့ရေမြေတောတောင်သဘာဝနဲ့ သယံဇာတတွေကို တရုတ်က ချယ်လှယ်ခွင့် ရနေတဲ့ အကြောင်းရင်း က အဲဒီလို ကိစ္စတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံကို တရုတ်ထံ ထိုးအပ်ပြီး သူ့အာဏာတည်မြဲရေးအတွက် ပြည်သူ့မျက်နှာကို မကြည့်ဘဲ မိုက်မိုက်မဲမဲ လုပ်နေတာဖြစ်တယ်။ ဒီမိုကရေစီ အရပ်သား အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက် လာဘ်စားမှု၊ လူ့အခွင့်အရေးချိုးဖေါက်မှု နိုင်ငံပိုင် မြေယာနဲ့ သယံဇာတတွေကို အလွဲသုံးစားလုပ်မှု စတဲ့ အမှုပေါင်း ကုဋေကုဋာနဲ့ တကွ စစ်ရာဇဝတ်မှု ပေါင်းများစွာကို ဖေါ်ထုတ်ခံရမှာ ကြောက်တဲ့အတွက် တရုတ်နဲ့ အပေးအယူလုပ်ပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုတဲ့ တိုင်းရင်းသားပြည်သူ လူထုနဲ့ ဖက်ဆစ်စစ်အာဏာရှင်စနစ် ထူထောင်လိုတဲ့ အကြမ်းဖက်ဂိုဏ်းတို့ကြားက စေ့စပ်လို့ မရတော့တဲ့ တိုက်ပွဲဖြစ် တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတဲ့အတွက် တရုတ်အလိုကျ မင်းအောင်လှိုင် အကြမ်းဖက်အုပ်စုကို မသိမသာ ကာကွယ်နေကြတယ်။ 

မြန်မာ့ နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ အာဆီယံဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို တရုပ်အပါအဝင် ဒေသတွင်း နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။ ဒီနေ့ မြန်မာ့နွေဦးတော်လှန်ရေးကို ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့အပါအဝင် ကမ္ဘာတလွှား နိုင်ငံအတော်များများက Gen-Z မျိုးဆက်သစ်လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာ သုံးပြီး ၀န်းရံ ထောက်ခံ အားပေးနေတာကို စိုးရိမ်ထိတ်လန့်ကြပုံရပါတယ်။ 

အာဆီယံနဲ့ အာရှဒေသမှာ ဒီမိုကရေစီ ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားစေချင်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံ ၀န်းရံကြဖို့လိုတယ်။ ဒီတိုက်ပွဲမှာ မြန်မာဂျန်ဇီးတို့ရဲ့ အရှိန်အဟုန် မပျက်တဲ့ လမ်းမပေါ်က ဆန္ဒပြပွဲများ၊ Civil Disobedience Movement (CDM) လှုပ်ရှားမှုရဲ့ အရေးပါမှု၊  CRPH နဲ့  NUG တို့ရဲ့ အခန်းကဏ္ဍနဲ့ KNU, KIA အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများရဲ့ ရဲရင့်တဲ့ ပူးပေါင်းပါ၀င်မှုများကြောင့် အဆုံးအဖြတ်တိုက်ပွဲမှာ အောင်မြင်မှာ မုချဖြစ်တယ်။ 

ဒီတိုက်ပွဲနိုင်မှသာ အာရှတိုက်မှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားမှာဖြစ်တယ်။ တရုတ်ရဲ့ခေတ်သစ်နယ်ချဲ့ စနစ် ခြေလှမ်းကို ရိုက်ချိုးနိုင်မှာဖြစ်တယ်။ ဒီကနေ့ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့နွေးဦးတော်လှန်ရေးတို့ဟာ တဆက်တစပ် တည်းဖြစ်တယ်ဆိုတာ သတိပြုဖို့လိုတယ်။ အခု မေလ ၄ ရက် လန်ဒန်မှာ ပြုလုပ်တဲ့ G-7 စက်မှုဖွံ့ဖြိုး ထိပ်သီး(၇)နိုင်ငံ အစည်းအဝေးမှာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင် တွေ တက်ရောက်ကြတယ်။  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က အဲဒီ အစည်းအဝေးမှာ မြန်မာကိစ္စအပါအဝင် တရုတ်၊ ရုရှား၊ အီရန်တို့နဲ့ ဆက်ဆံရေး အကျပ်အတည်းကိစ္စတွေ ဆွေးနွေးတာ သတိပြုသင့်တယ်။ 

လတ်တလောမှာ တရုတ်က မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေ ၀င်ပါမလာနိုင်အောင် သံတမန်ရေး နည်းလမ်းတွေ အသုံးပြုပြီး ဖြေရှင်းပါလို့အာဆီယံအဖွဲ့ကို ဖိအားနေတာဖြစ်တယ်။ တနည်းအားဖြင့် မင်းအောင်လှိုင် အသက်ရှူခွင့်ရအောင် အချိန်ဆွဲပေးနေခြင်း ဖြစ်တယ်။ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို အရှိန်လျော့ကျလာအောင် ရေရှည် စီမံကိန်းချ အချိန်ဆွဲပေးနေတာ ဖြစ်တယ်။ တနည်းအားဖြင့် မင်းအောင်လှိုင်ကို ရုပ်သေးအစိုးရဖြစ်အောင် ဖန်တီးပြီး မြန်မာနိုင်ငံကို တရုတ် လက်အောက်ခံဖြစ်ဖို့ ကြံစည်နေတာဖြစ်တယ်။ ဒါကြောင့် တရုတ်နဲ့အာဆီယံတို့ ရေးဆွဲထားတဲ့ နိုင်ငံရေးဇာတ်မျောကြီးထဲမှာ CRPH နဲ့  NUG တို့ ၀င်ပြီး မကပြမိဖို့ သတိရှိရပါမယ်။ မြန်မာပြည်သူတွေ ကိုယ်တိုင်ဆင်နွှဲနေတဲ့ လက်ရှိတိုက်ပွဲတွေကိုပဲ တဆင့်ပြီး တဆင့် မြှင့်တင်သွားခြင်းဖြင့် အောင်ပွဲရအောင် ကြိုးပမ်းကြပါလို့ နှိုးဆော်လိုပါတယ်။

နန္ဒလင်းရှိန်

1 week Ago

တရုတ်နိုင်ငံနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း (ဆောင်းပါး)

လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် တရုတ်နိုင်ငံ၏ သဘောထားသည် အခြေခံ ချဉ်းကပ်ပုံကစ၍ မှားယွင်းနေပါသည်။ စစ်ကောင်စီ၏ အာဏာသိမ်းခြင်းကို တရုတ်နိုင်ငံက မြန်မာအစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခြင်းဟု ရှုမြင်ထားပါသည်။ ဤအခြေခံချဉ်းကပ်ပုံအလွဲသည် မြန်မာလူထုအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော တရုတ်နိုင်ငံအပေါ် မယုံသင်္ကာစိတ်ကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစေပါသည်။ နဝတ၊ နအဖခေတ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သလို ကာကွယ်စောင့်ရှောက်မှုလည်း ပေးခဲ့သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မြန်မာပြည်သူလူထု၏ နှလုံးသားကို သံမှိုရိုက်သွင်းသကဲ့သို့ ဖြစ်ခဲ့သည်ကို သတိပြုမိရန် လိုအပ်ပါသည်။

ဤသို့သမိုင်းတလျှောက် ကျင့်သုံးခဲ့သော အလွဲအမှားတို့သည် တရုတ်နိုင်ငံက “ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်ရေး” ဟူသော မူဝါဒကို လှေနံဓားထစ် ကျင့်သုံးနေခြင်းအပေါ် အခြေခံလျက် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ငါးနှစ်တာ ကာလအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးသည် မျက်စိလည်ရလောက်အောင် အထူးကောင်းမွန်ခဲ့ပါသည်။ အစိုးရချင်း ဆက်ဆံရေးသာမက  လူထုမှသည် လူထုဆီသို့ ဟူသော ဆက်ဆံရေးကိုပင် ကောင်းမွန်ခိုင်မာလာအောင် ကဏ္ဍပေါင်းစုံ၌ ကြိုးပမ်းခဲ့သည်ကို တွေ့ခဲ့ရပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဤသို့ ကျယ်ပြန့်ခိုင်မာလာသော ဆက်ဆံရေးအပေါ် မြန်မာလူထုသည် သမိုင်းတလျှောက် ထွေးပွေ့ခဲ့သော မယုံသင်္ကာမှုများ ရှိလင့်ကစား အသာတကြည် လက်ခံခဲ့ပါသည်။ အကြောင်းရင်းကား ရှင်းပါသည်။ ပြည်သူလူထုက ယုံယုံကြည်ကြည် လုပ်ပိုင်ခွင့် လွှဲအပ်ထားသော လူထုအစိုးရ၏မူဝါဒ၊ လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။ တရုတ်အစိုးရအနေဖြင့် ဤအချက်အပေါ် အလေးအနက် နှလုံးသွင်း၊ သုံးသပ်ရန် လိုအပ်ပါသည်။

စစ်တပ်က သူတို့ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ကျော်လျက် ဥပဒေမဲ့ အာဏာသိမ်းခြင်းကို “အစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြင်ဆင်ပြောင်းလဲခြင်း” ဟု ဝိသေသနတပ်ခဲ့သော တရုတ်အစိုးရ၏ မူဝါဒသည် မြန်မာပြည်သူလူထု၏ ဒေါသကို ပေါက်ကွဲ ပွင့်အံစေခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသည့် အစိုးရကို ဖျက်သိမ်း၍ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်သိမ်းခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်း ဖြစ်ပါသည်။ ပြည်သူလူထု ဆန္ဒသည်သာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ အခြေခံဟူသော ဒီမိုကရေစီကျင့်စဉ်သည် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီကပင် လက်ခံထားသော နိုင်ငံတကာကျင့်စဉ် ဖြစ်ပါသည်။

ငြိမ်းချမ်းစွာ မိမိတို့ဆန္ဒသဘောထား ထုတ်ဖော်နေသော ပြည်သူလူထုအား ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်၊ ဓားပြတိုက်နေသော စစ်ကောင်စီ၏ ရာဇဝတ်မှုတို့ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါလျက် “မြန်မာ့အရေးအား မြန်မာတို့သာ ဖြေရှင်းပါစေ” ဟု လျစ်လျူရှုနေခြင်းအပေါ် မြန်မာလူထုက မည်သို့မည်ပုံ မခါးသီး မနာကြည်းဘဲ နေနိုင်ပါမည်နည်း။ 

အနောက်နိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် ထိရောက်မှုမရှိဟု တရုတ်အစိုးရက ဝေဖန်နေသော်လည်း အနောက်နိုင်ငံတို့၏ ရပ်တည်ချက်သည် မြန်မာပြည်သူလူထု၏ ခံစားချက်နှင့် တထပ်တည်းကျလျက် ရှိပါသည်။ တရုတ်နိုင်ငံ အပါအဝင် အာဆီယံအဖွဲ့သည် ကောင်စီနှင့် ထိတွေ့ဆက်ဆံပြီး အပြုသဘောဆောင် တိုးတက်မှုများ ဖန်တီးရမည်ဟု စိတ်ကူးယဉ်၊ အိပ်မက်မက်လျက် ရှိပါသည်။ အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံရပ်တည်ချက် ငါးရပ်ကို သဘောတူသယောင်၊ မဆန့်ကျင်ပါဟု ပြောကြားပြီး ရက်ပိုင်းအတွင်း “ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ” အလေးထား စဉ်းစားပေးမည် (လုပ်ဆောင်ပေးမည်ဟု ကတိပြုခြင်းမဟုတ်) ဟု ကလိမ်ကကျစ် ပြုမူနေသော စစ်ကောင်စီထံမှ မည်သို့သော အပြုသဘောဆောင် တုံ့ပြန်မှုကိုမှ ရရှိနိုင်မည် မဟုတ်ပါ။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းက ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မည်ကို တရုတ်နိုင်ငံနှင့် အာဆီယံ အပါအဝင် တကမ္ဘာလုံးက မြင်တွေ့နေရပါလျက် ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို လှေနံဓားထစ်၊ တရားသေ ကျင့်သုံးနေပါက မြန်မာပြည်သူလူထုသည် တရုတ်နိုင်ငံအပေါ် မည်သို့မှ နားလည်၊ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ။ တရုတ်-မြန်မာ ဆက်ဆံရေးကို အမှန်တကယ် အဓွန့်ရှည် ကောင်းမွန်ခိုင်မာစေလိုပါက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မိသားစုနှင့် လက်တွဲလျက် -

(က) ပြည်သူလူထုကို ဥပဒေမဲ့ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်၊ ဓားပြတိုက်မှုများ ချက်ချင်းရပ်ဆိုင်းရေး၊

(ခ) နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရေး၊

(ဂ) အင်တာနက် အသုံးပြုခွင့်အပါအဝင် နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များ ကျင့်သုံးပိုင်ခွင့် အာမခံချက်ပေးရေး တို့ကို ဖိအားပေးတောင်းဆိုရမည် ဖြစ်ပါသည်။ 

ဤသို့သော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိပါက မည်သို့သော အပြုအသဘောဆောင် တိုးတက်မှုကိုမျှ ဖန်တီးဆုပ်ကိုင်နိုင်မည် မဟုတ်ပါ။ အင်အားကိုသာ နားလည်ယုံကြည်သော မြန်မာ စစ်ကောင်စီကို အင်အားဖြင့်သာ လမ်းကြောင်းမှန်ပေါ် တွန်းတင်နိုင်မည်ကို ယုံမှားသံသယဖြစ်ရန် မလိုပါ။

လူလေးလင်း

2 weeks Ago

မြန်မာစစ်အာဏာသိမ်းမှု၊ အာဆီယံနဲ့ တရုတ် (ဆောင်းပါး)

တရုတ်အစိုးရအာဘော် သတင်းစာတစ်စောင်ဖြစ်တဲ့ Global Times ထဲမှာတော့ ‘မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပြီး ဒီတွေ့ဆုံမှုကနေ တင်းမာမှုကို လျှော့ချစေဖို့ ယုံကြည်ရတယ်’ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါးတစ်ခု ဖတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းကပါ။ အချက် ၅ ချက်ပါတဲ့ အာဆီယံ သဘောတူ ကြေညာချက်မှာ All parties ဆိုတဲ့ အကြမ်းဖက်မှုမှာ ပါဝင်သူအားလုံးဆိုတာဟာ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူလူထုကို ထည့်သွင်းပြောဆိုပုံပေါက်နေလို့ ဝေဖန်သူတွေနဲ့ မြန်မာပြည်သူလူထုကြားမှာတင် အတော်လေး အဲဒီအသုံးအနှုန်းအပေါ် ခံပြင်းနေပါတယ်။ အာဆီယံဟာ နိုင်ငံတကာကပါ အဓိကထား တောင်းဆိုနေတဲ့ အာဏာသိမ်းစစ်ကောင်စီကနေ မတရားဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့ကိုတောင် နောက်ဆုံး ထုတ်ပြန်တဲ့ သဘောတူညီချက်ထဲ မထည့်နိုင်ခဲ့ပါဘူး။ အစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်ထဲမှာသာ ဒီအချက်က ပါဝင်ခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်လည်း ဒီအစည်းအဝေးဟာ သူအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံပြင်ပထွက်ခွာ တက်ရောက်တဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်။ အာဆီယံဟာ မြန်မာနိုင်ငံအကြီးအကဲအနေနဲ့ ဖိတ်ကြားတာ မဟုတ်ပါဘူး၊ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့သာ ဖိတ်ကြားတာပါလို့ ပြောနေပေမဲ့၊ မြန်မာပြည်သူတွေအတွက်တော့ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်ကို အရေးတယူလုပ် ဆက်ဆံတာသာ ဖြစ်တယ်လို့ ဒေါသတကြီးယုံမှတ်ကြပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်ပါဘူး။ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မရေမရာတွေ၊ အချိန်ကာလ သတ်မှတ်ချက် မပါတာတွေ၊ မြန်မာပြည်တွင်းက မြေပြင်အခြေအနေနဲ့ လက်တွေ့မကျ ကင်းကွာနေတာတွေ၊ အာဆီယံရဲ့ မူဝါဒတစ်ခုဖြစ်တဲ့ ‘တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ’ဆိုတာကလည်း အောက်ခြေက ပြည်သူလူထုအပေါ် မျက်ကွယ်ပြုပြီး လက်ဝယ်အာဏာရှိသူကိုသာ တရားဝင်မှုပေး ဆက်ဆံတဲ့ပုံစံတွေက အာဆီယံအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်စေခဲ့တယ်။

တကယ်တမ်းတော့ ASEAN Way ဆိုတဲ့ အာဆီယံနည်းလမ်းဆိုတာ တရုတ်နိုင်ငံက စစ်အာဏာသိမ်းမှု စဖြစ်ကတည်းက တင်သွင်းနေတဲ့ နည်းလမ်းနဲ့ ဘာမှ မကွာခြားပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကနေတဆင့် ပြည်သူ့ဆန္ဒမဲအရ အာဏာရလာတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းတာက မြန်မာ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်၊ ပြည်ပကနေ ဝင်ရောက်စွက်ဖက်စရာမလိုဘူး၊ သူတို့ဟာသူတို့ ရှင်းလိမ့်မယ်၊ ဘယ်သူမှ ဝင်မပါနဲ့ဆိုတာဟာ တရုတ်နိုင်ငံရဲ့ သေတစ်ပန်သက်တစ်ဆုံး လက်ကိုင်မူဝါဒ ဖြစ်ပါတယ်။ နဝတ/နအဖ စစ်အာဏာရှင်စနစ်တုန်းကလည်း ဒီမူဝါဒနဲ့ပဲ မြန်မာအပေါ် ဆက်ဆံခဲ့တယ်။ ပြီးတော့ အာဆီယံ ဆိုတာကလည်း နဝတ/နအဖ စစ်အစိုးရကို တရားဝင်မှုပိုရှိအောင် အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံပေးခဲ့တဲ့ အာဏာရှင်စနစ်အားပေး အဖွဲ့အစည်းတစ်ခုပါ။ တကယ့် ပြည်သူမျက်နှာ၊ ပြည်သူ့ဘက် ဘယ်တုန်းကမှ မရပ်တည်ခဲ့တဲ့ အာဆီယံအဖွဲ့ ဖြစ်တယ်။

အကြောင်းတရားကလည်း ရိုးစင်းပါတယ်။ အာဆီယံနိုင်ငံတွေဟာ ‘ဖားတစ်ပိုင်း ငါးတစ်ပိုင်း’ ဒီမိုကရေစီနိုင်ငံတွေ၊ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ၊ စစ်တပ်နဲ့မကင်းတဲ့ အစိုးရတွေချည်းပါပဲ။ ဒါကြောင့် သူတို့ကိုယ်တိုင် သက်ဆိုင်ရာနိုင်ငံတွေထဲ လုပ်ချင်ရာလုပ်နိုင်ဖို့အတွက် ‘ဝင်မစွက်ဖက်ရေးမူ’ကို ဖက်တွယ်ထားကြတာ ဖြစ်တယ်။ ဒါက တရုတ်ရဲ့ မူဝါဒနဲ့ သွားအံကိုက်နေတာဖြစ်တယ်။

တရုတ်နိုင်ငံကလည်း ၁၉၉၀ တုန်းက တရုတ်နိုင်ငံ မဟုတ်တော့။ ၁၉၉၀ တုန်းကဆို တရုတ်ပြည်မကြီးထဲ ဆင်းရဲမွဲတေမှုနှုန်းက ကြောက်ခမန်းလိလိပါ။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က ဆင်းရဲမွဲတေမှုလိုင်းအောက် ရောက်နေခဲ့တယ်။ နှစ်ပေါင်း ၃၀ ကြာ ယနေ့ တရုတ်ပြည်ကတော့ အတော်လေးကို ပြောင်းလဲသွားခဲ့ပြီး ဆူပါပါဝါ အမေရိကန်ပြည်ထောင်စုကို ပခုံးချင်းယှဉ်ဖို့ ပြင်လာတဲ့အနေအထားထိ ရောက်လာခဲ့တယ်။

အထက်မှာဆိုခဲ့သလိုပဲ တရုတ်နိုင်ငံဟာ သမိုင်းတလျှောက်လုံး မြန်မာ့အရေးနဲ့ပတ်သက်ရင် laissez-faire ဆိုတဲ့ ပြင်ပကနေ ကြားဝင်ဖြေရှင်းတာကို လက်မခံဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ရှင်း ဆိုတဲ့ ချဉ်းကပ်မှုပုံစံ သူ့မူဝါဒအနေနဲ့ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ တရုတ်အစိုးရကိုယ်တိုင်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ သမိုင်းဆိုး ရှိခဲ့တယ်။ ခုထိလည်း အဲဒီပုံစံအတိုင်းပါပဲ။ သူ့ပိုင်နက် နယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ တိုင်ဝမ်၊ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာဆို အမေရိကန်နဲ့ အနောက်အုပ်စု ကြားဝင်စွက်ဖက်တာကို ပြောင်ပြောင်တင်းတင်း ဒေါသတကြီး ဆန့်ကျင် ပြောဆိုလေ့ရှိတယ်။ ဒါပေမဲ့ တရုတ်ဟာ သူ့ရဲ့ အဲဒီမူဝါဒကို တကယ်ရော လိုက်နာကျင့်သုံးရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အနီးစပ်ဆုံး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရေးကိစ္စမှာ သူ ကြားဝင်စွက်ဖက်နေတာတွေ၊ ဝင်ကစားနေတာတွေ တပုံကြီးပါပဲ။ ဟိုအရင် ဗကပတုန်းကစလို့ ‘ဝ’ ဒေသ အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေထဲက စစ်ရေး၊ နိုင်ငံရေးတွေမှာ တရုတ်ကြားဝင် စွက်ဖက်နေတာတွေအကြောင်း ဝေဖန်သူတွ ထောက်ပြ ပြောဆိုနေတာ မနည်းမနောပါ။

ဒါမို့ တရုတ်နိုင်ငံရဲ့ ‘မြန်မာစစ်အာဏာသိမ်းမှုက သူ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်။ ပြည်ပကနေ ဘယ်သူမှ ကြားဝင်စွက်ဖက်ဖို့ မလိုဘူး’ လို့ မကြာခဏ ပြောဆို သတိပေးပုံဟာ ရှေ့နောက်ညီညွတ်မှုရှိတဲ့ ရပ်တည်ချက် မဟုတ်ပါဘူး။ မြန်မာကို တည်ငြိမ်စေချင်တယ် ဆိုတာကလည်း သူနဲ့ ကုန်သွယ်ရေးအပါအဝင် ယဉ်ကျေးမှု၊ လူမှုစီးပွားကအစ နယ်နိမိတ်ချင်းကပ် ကူးလူးစပ်ယှက်နေရတဲ့ နိုင်ငံဖြစ်နေလို့သာ ဖြစ်တယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေး အိုင်ဒီယော်လိုဂျီပိုင်းပါ။ တစ်ပါတီ အာဏာရှင်စနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံရေးအထိုင်မှာ ကွန်မြူနစ်စနစ်ဖြစ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို သူ့အနီးအနား မထွန်းကားစေလိုပါဘူး။ ဆူပါပါဝါဖြစ်ဖို့ တာစူလာနေတဲ့ တရုတ်နိုင်ငံဟာ အခုမြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာစင်မြင့်မှာ သိက္ခာကျရသလို သူ့အင်အားချဲ့ထွင်ဖို့ အကန့်အသတ်တွေသာ ဖြစ်သွားစေပါတယ်။ အထူးသဖြင့် သူ့ရဲ့ OBOR စီမံကိန်းကြီးကို အဟန့်အတား ဖြစ်သွားစေတယ်။ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံအတွင်း သူ့အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာ ပိုခံလာရဖို့ပဲ ရှိပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အာဆီယံနိုင်ငံတချို့နဲ့ အငြင်းပွားနေရတဲ့အပြင် အခုဆို မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ တရုတ်ဆန့်ကျင်ရေးတွေ ပြန်လည်မြင့်တက်လာတာမို့ မြန်မာစစ်အာဏာသိမ်းမှုဟာ ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတဲ့အပြင် တရုတ်အကျိုးစီးပွားကို ဘယ်ဘက်ကမှ ကောင်းစေမှာ မဟုတ်တာကိုတော့ ၂၁ ရာစု တရုတ်တို့ သဘောပေါက်ချိန်တန်ပြီလို့ ယူဆရပါကြောင်း…..။

ထူးကျော်ဝင်း

3 weeks Ago

နွေဦးတော်လှန်ရေးနဲ့ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် (ဆောင်းပါး)

 မြန်မာနိုင်ငံ ပြဿနာကို သံတမန်နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့တယ်။

အစည်းအဝေးအပြီးမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။

အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ဖို့၊ ပဉ္စမအချက်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ စတဲ့ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပေါ်ယံအမြင် ကြည့်တဲ့အခါ သံခင်းတမန်ခင်းအရ အောင်မြင်သယောင် ပြောဆိုနေကြတာ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာပြည်သူတို့ အကျိုးဘက်က ကြည့်ရင်တော့ ဒီအခြေအနေဟာ တရုတ်ရဲ့ နိုင်ငံရေး သတ်ကွင်းထဲ တိုက်ရိုက်ကျဆင်းသွားပြီလို့ ဆိုချင်တယ်။

တရုတ်နိုင်ငံက အာဆီယံအစည်းအဝေး ဖြစ်မြောက်ရေးအတွက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဆွေးနွေးအဖြေရှာဖို့ စတင်တိုက်တွန်းခဲ့တာ အများသိ ကိစ္စဖြစ်တယ်။ ဆွေးနွေးအဖြေရှာရာမှာ အပြုသဘောဆောင်ဖို့ အားလုံးသဘောတူညီမှုအရ ဆုံးဖြတ်ဖို့ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ တရုတ်က သတိပေး ပြောဆိုခဲ့တာ ကြားခဲ့ရတယ်။ နိုင်ငံခြားဆိုတာ အနောက်နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေကို ဆိုလိုတာ ဖြစ်တယ်။ နိုင်ငံခြားစွက်ဖက်မှုတွေကို လက်မခံဖို့ ပြောနေတဲ့ တရုတ်ကိုယ်တိုင်ကတော့ မြန်မာကိစ္စမှာ နည်းမျိုးစုံ ၀င်ရောက်စွက်ဖက်နေတာ မြင်နေရတယ်။

မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ ၁၀ နိုင်ငံ သဘောတူညီချက် ၅ ချက်မှာ ပါဝင်လာခြင်း မရှိတာ တွေ့ရတယ်။ ဒီအချက်က အရေးအကြီးဆုံး မပါမဖြစ် ပါရမယ့်အချက် ဖြစ်တယ်။ ဒီအချက်ကို ချန်ထားခဲ့တာဟာ ကောက်ကျစ်စဉ်းလဲမှုရဲ့ အစဖြစ်တယ်။ ဘာကြောင့်လဲ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို လွှတ်မပေးချင်လို့ ဖြစ်တယ်။ NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အကြံဆိုး ရှိနေလို့ဖြစ်တယ်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကလိမ်ဉာဏ်ဆင် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ အမှန်စင်စစ် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်း ပြည်ပက အသိအမှတ်ပြုထားပြီး ဖြစ်တယ်။

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုအရ အကြောင်းမရှိ အကြောင်းရှာ အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒီမိုကရေစီ ကိုယ်စားပြုတဲ့ အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက် ခြစားမှုပေါင်း ကုဋေကုဋာနဲ့တကွ စစ်ရာဇဝတ်မှုပေါင်းများစွာကို ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်း ဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ကြားက တိုက်ပွဲဖြစ်တယ်။ အာဆီယံဒေသအတွင်းကတဆင့် နိုင်ငံတကာအထိ ကျယ်ပြန့်လာနိုင်တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတာကို မမေ့ဖို့ လိုတယ်။ မြန်မာ့နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။

မြန်မာဖက်ဆစ် စစ်အုပ်စုကို လတ်တလော ကျောထောက်နောက်ခံပေးနေတာ ဘယ်သူလဲလို့ မေးရင် ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ တရုတ်က မီးစိမ်းပြခဲ့လို့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ပစ်ပယ်ပြီး မင်းအောင်လှိုင် ဖက်ဆစ်စစ်အုပ်စုက အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ တရုတ်က မင်းအောင်လှိုင်ကို ဘာကြောင့် အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တာလဲ။ “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း” (BRI) လို့ ကမ္ဘာမှာ ကျော်ကြားနေတဲ့ တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီးကို ကြားဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြုပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းကြီးတခု တရုတ်နိုင်ငံက ဖော်ဆောင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံကနေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဒေသအထိ ခေတ်သစ် ပိုးလမ်းမက ဖြတ်သန်းမှာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တရုတ်က သူ့အကျိုးစီးပွားအတွက် စိတ်တိုင်းကျ ချယ်လှယ်သိမ်းပိုက်လိုတယ်။ နယ်ချဲ့လိုတယ်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်။ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့တယ်။ ‘BRI စီမံကိန်း ဖော်ဆောင်ရေးဦးဆောင်ကော်မတီ’ ရဲ့ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်နေကြောင်း၊ အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ပထဝီ အနေအထားအရ မြန်မာနိုင်ငံဟာ BRI  ပိုးလမ်းမ စီမံကိန်းမှာ မဟာဗျူဟာကျနေတာကြောင့် ပါဝင်သွားဖို့ ရှိတယ်လို့ ဆိုတယ်။  ဒါပေမဲ့ စီမံကိန်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတ ဖြစ်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

BRI စီမံကိန်း အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်” နဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။  စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့်အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်မှာ ဆောင်ရွက်ရမယ့် စီမံကိန်းတွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

ဒါကြောင့် BRI  ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်”နဲ့တကွ ဥပဒေစည်းမျဉ်းစည်းကမ်း ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို ကြည့်ရင် စစ်အစိုးရနဲ့ လုပ်ရသလို တွက်ခြေမကိုက်နိုင်တာကို တရုတ် ခေါင်းဆောင်တွေ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ ရေမြေတောတောင် သဘာဝသယံဇာတတွေကို အချောင်နှိုက်ယူနိုင်ဖို့ဆိုရင်  စစ်အုပ်စု အာဏာရဖို့လိုတယ်လို့ တရုတ်နိုင်ငံက တွက်ဆခဲ့ပုံရတယ်။ ဒါကြောင့် မြန်မာနဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ မူဝါဒဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်ခဲ့တယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြိုးကိုင် ချယ်လှယ်နိုင်ရေး အမြဲကြိုးပမ်း ကြံစည်နေတာကို ကြည့်ရင် တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ မူဝါဒကို မြင်နိုင်တယ်။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံပြဿနာ အဖြေရှာကြရာမှာ တရုတ်က သူ့အကျိုးအတွက် မင်းအောင်လှိုင် စစ်အုပ်စုကို အကာအကွယ်ပေးနေခြင်း ဖြစ်တယ်။ အခု စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ရက်ပေါင်း ၈၀ ကျော်အတွင်းမှာတောင် နေ့စဉ် မြန်မာ့အဖိုးတန်သစ်တွေ တန်ချိန်ပေါင်းများစွာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်နေကြတယ်။ မြေရှား (Rare earth) အပါအဝင် သတ္တုအမျိုးမျိုးနဲ့ကျောက်စိမ်းတွေ နေ့စဉ် တရုတ်ဘက်ကို ခိုးယူနေကြတာကို ကြည့်ရင် သိနိုင်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း စစ်အစိုးရခေတ်မှာ မြန်မာ့သယံဇာတ အတော်များများကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ နှိုက်ယူခဲ့လို့ အတော် နစ်နာ ဆုံးရှုံးခဲ့ရတယ်။ သစ်တောတွေ ပြန်လည် စိမ်းလန်းလာစေဖို့ NLD အစိုးရက ပြန်လည်ပျိုးထောင်မှု လုပ်ခဲ့ရတယ်။ တခြား ကျောက်စိမ်းဒေသ၊ ကြေးနီတောင်ဒေသ၊ ပယင်းနဲ့ ရွှေထွက်ရာဒေသ၊ မြစ်ကြောင်းများတလျှောက် ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် နေရာဒေသများ၊ နိကယ်ထုတ်ယူရာဒေသနဲ့ မြန်မာနိုင်ငံအထက်ပိုင်း စိုက်ပျိုးမြေများ ငှားရမ်းထားရာ ဒေသတွေ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင် လုပ်ကိုင်နေမှုတွေဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟုတ်ကြောင်း သတင်းတွေ မကြာမကြာ ကြားသိနေရတယ်။

MOU ရေးထိုး လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းတွေကို သေချာစိစစ်မယ်ဆိုရင် တရားမဝင် တရုတ်နိုင်ငံသားတွေကို ခေါ်သွင်းလာခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေး လုပ်ကွက်တွေကို ၀င်ရောက်ထိန်းချုပ်လာနေကြတယ်။ မြန်မာအုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအနေနဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုကို မထိန်းချုပ်နိုင်ကြရင် ရေရှည်မှာ အချုပ်အခြာအာဏာကိုတောင် ထိပါးလာနိုင်တယ်။ လိုရင်းတိုရှင်း ပြောရရင် စစ်တပ်သာ တိုင်းပြည်အာဏာကို ဆက်ရသွားရင် မြန်မာဟာ တရုတ်နယ်ချဲ့သမား လက်အောက် ကျရောက်သွားလိမ့်မယ်။

လက်ရှိ အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူချက်ဟာ တရုတ် ရေးတဲ့ ဇာတ်ညွှန်းဖြစ်တယ်။ အချိန်ဆွဲပြီး ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို တဖြည်းဖြည်း အရှိန်လျော့ကျလာအောင် ရေရှည်စီမံကိန်းချလိုက်တာ ဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကာကွယ်ပေးတာဖြစ်တယ်။ လက်ရှိအခြေအနေအထိ အာဆီယံက CRPH နဲ့  NUG တို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားတာ တွေ့ရတယ်။ အာဆီယံခေါင်းဆောင်အချို့ကိုယ်တိုင် အကြောင်းကြောင်းကြောင့် တရုတ်သြဇာခံ ဖြစ်နေကြတယ်။

ဒါပေမဲ့ အီးယူ အဆင့်မြင့်သံတမန် Josep Borrell ရဲ့ အီးယူကြေညာချက်မှာ အာဆီယံ ဆွေးနွေးပွဲသဘောတူညီချက် ၅ ချက်ဟာ ရှေ့တလှမ်းတက်ဖို့ တွန်းအားပေးမှုတခုလို့ ဖော်ပြထားတယ်။ ဆွေးနွေးတုန်းက သဘောတူထားတဲ့အတိုင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆွေးနွေးပွဲမှာ CRPH နဲ့ NUG ကိုယ်စားလှယ်တွေ ပါရမယ်လို့ Josep Borrell က တောင်းဆိုထားတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့လည်း အီးယူက တောင်းဆိုထားတယ်။ လက်ရှိပြဿနာတွေကို ယုံယုံကြည်ကြည်နဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိသူ သက်ဆိုင်သူအားလုံးပါဝင်မယ့် ဆွေးနွေးပွဲတွေကို  ထောက်ခံသွားမှာဖြစ်ပေမယ့်  ပြည်သူက ရွေးချယ်ထားသူတွေကို အမြန်ဆုံးအာဏာပြန်ပေးမယ့် ဆွေးနွေးပွဲတွေ ဖြစ်ရမယ်လို့ အီးယူ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ တရုတ်နဲ့ လက်ဝါးရိုက်ပြီး ထုတ်ပြန်လာတဲ့ အာဆီယံမူ ၅ ချက်ဟာ တရုတ်ရဲ့ဗျူဟာမြောက် ထောင်ချောက် ဖြစ်ကြောင်း သတိပြုသင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ခြွင်းချက်မရှိ ချက်ချင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုရမယ်။ CRPH နဲ့ NUG အစိုးရအဖွဲ့တို့ဟာ လက်ရှိ ပြည်သူ့ ကိုယ်စားပြုအဖွဲ့ ဖြစ်တာကြောင့် ဆက်လက်ပြုလုပ်မယ့် အာဆီယံဆွေးနွေးပွဲတွေမှာ ပါ၀င်ခွင့်ရှိရမယ်။

အနှစ်ချုပ်ရရင် အာဆီယံမူ ၅ ချက်ဟာ နွေဦးတော်လှန်ရေး တဖြည်းဖြည်း အားနည်းအောင်လုပ်ဖို့ ဆင်ထားတဲ့ တရုတ်ရဲ့ ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့က သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီကို အကာအကွယ်ပေးနေခြင်းဖြစ်တယ်။ မြန်မာ့အချုပ်အခြာအာဏာပိုင်ရှင် မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အာဆီယံနဲ့ တရုတ်တို့က သေးသိမ်အောင် မှေးမှိန်ထားတာကို သတိပြုကြရမယ်။

မြန်မာ့နိုင်ငံရေးပြဿနာတစုံလုံးရဲ့ နောက်ကွယ်က လက်မည်းဟာ တရုတ် ဖြစ်တယ်။ ခေတ်သစ် နယ်ချဲ့နည်း အမျိုးမျိုးကို အသုံးပြုပြီး မြန်မာနိုင်ငံကို တရုတ်က ကျွန်ပြုဖို့ ကြိုးစားနေတဲ့အချက်ကို သတိပြုသင့်တယ်။ တရုတ်ရဲ့ အန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့အတွက် လာမယ့်အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအစီအစဉ်များဟာ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အချိန်ဆွဲပြီး နွေဦးတော်လှန်ရေး အားပျော့လာခဲ့ရင်၊ စစ်ကောင်စီအုပ်ချုပ်ခွင့် အသာစီး ပြန်ရလာအောင် လုပ်နေခြင်းသာ ဖြစ်တယ်။ ဒီအချက်ကို အထူးသတိပြုကြစေချင်တယ်။

ဆောင်းပါးရှင်- နန္ဒလင်းရှိန်

3 weeks Ago

အားကစား

အနုပညာ

မက္ကစီကိုအလှမယ် မယ်စကြဝဠာသရဖူဆုရရှိ

၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ  ဒေသစံတော်ချိန် မေလ ၁၆ ရက်ညပိုင်း (မြန်မာအချိန်ယနေ့မနက်)က ကျင်းပရာမှာ မက္ကစီကိုနိုင်ငံကိုယ်စားပြုအလှမယ် အန်ဒရီရာမီဇာက  သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။

နောက်ဆုံးဆန်ကာတင်အလှမယ် ၅ ဦးထဲကနေ  မက္ကစီကိုအလှမယ် အန်ဒရီရာမီဇာက သရဖူဆုရရှိသွားတာဖြစ်ပါတယ်။

1st runner-up ဆုကို ဘရာဇီးအလှမယ် ဂျူလီရာဂါမာ၊  2nd runner-up ဆုကို ပီရူးမယ် ဂျနစ်ခ်မာစီတာ၊  3rd runner-up ဆုကို အိန္ဒိယ အလှမယ် အဒလင်းကတ်စတီလီနိုနဲ့  4th runner-up ဆုကို ဒိုမေနီကန်အလှမယ် ကင်ဘာလီဂျီမီနီတို့ ရရှိသွားပါတယ်။ 

နောက်ဆုံး ဆန်ကာတင် ၁၀ ဦးစာရင်းမှာတော့  ဂျမေကာ၊ ဒိုမေနီကန်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ပီရူး၊ ဩစတြေးလျ၊ ပေါ်တိုရီကို၊ ထိုင်း၊ ကော့်စတာရီကာ၊ မက္ကစီကိုနဲ့ ဘရာဇီးအလှမယ်တို့ ပါဝင်ပါတယ်။   

မြန်မာအလှမယ် သူဇာဝင့်လွင်ကတော့ နောက်ဆုံး ဆန်ကာတင် ၂၁ ယောက် စာရင်းဝင်ခဲ့သလို   National Costume နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံဆုလည်း ရရှိခဲ့ပါတယ်။

2 days Ago

မယ်စကြဝဠာပြိုင်တွင် မြန်မာအလှမယ် National Costume ဝတ်စုံဆုရရှိ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ  ဒီကနေ့ ကျင်းပတဲ့ ၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်မှာ မြန်မာအလှမယ် သူဇာဝင့်လွင်က   National Costume နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံဆု ရရှိသွားပါတယ်။

မြန်မာအလှမယ် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် အမျိုးသားဝတ်စုံကတော့ ကံမကောင်းစွာနဲ့ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက်ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။

မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ အရိုးရှင်းဆုံး ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ မြန်မာအလှမယ်ကို ခုလိုဆုရှိစေခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က  ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး  ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ဒေသစံတော်ချိန် မေလ ၁၆ ရက်နေ့ ( မြန်မာအချိန်ယနေ့နံနက်) အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ ကျင်းပနေတာမှာ  National Costume  ဆုရသူကို ကြေညာသွားတာဖြစ်ပါတယ်။

Photo Credit- missosology

2 days Ago

ဆောင်းပါး၊ မေးမြန်းခန်း၊ အယ်ဒီတာအာဘော်

ရုပ်သံသတင်း

COVID-19

ထိုင်းတွင် မွေးကင်းစကလေးအပါအဝင် ကိုဗစ်-၁၉ ကြောင့် တရက်အတွင်း သေဆုံးသူ ၃၅ ဦးဖြင့် စံချိန်တင်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ယောက်၊ ရောဂါကူးစက်ခံရသူ ၂၄၇၃ ယောက်နဲ့ စံချိန်သစ်တင်ခဲ့တယ်လို့ နေးရှင်းသတင်း မှာ ဒီကနေ့ ဖော်ပြပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာတော့ ပြည်ပနိုင်ငံတွေက ပြန်ရောက်လာသူ ၂၃ ယောက်ပါဝင်ပြီး ကူးစက်မှုအမြင့်ဆုံးနေရာတွေထဲမှာ ဘန်ကောက်က ၈၇၃ ယောက်နဲ့ အများဆုံးဖြစ်ကာ နွန်ထာဘူရီမှာ ၁၅၅ ယောက်၊ ဆမွတ်ပရာကန်မှာ ၁၂၁ ယောက်နဲ့ ပ ထုံဌာနီမှာ ၁၁၇ ယောက် အသီးသီး ကူးစက်ခံထားရတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရော ဂါအခြေအနေစီမံခန့်ခွဲရေးစင်တာ(စီစီအက်စ်အေ)က ပြောပါတယ်။

သေဆုံးသူအရေအတွက်မှာလည်း ဘန်ကောက်က ၁၆ ယောက်နဲ့ ဦးဆောင်နေပြီး ချင်းရိုင်၊ ဆောင်ခလာနဲ့ ဆမွတ်ပရာကန်တို့မှာ ၂ ယောက်စီ၊ ဉဘွန်းရက်ချဌာနီ၊ ဆာကီရို၊ ဆီဆာခက်၊ ရာရောင်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ ချိုင်ရာဖမ်၊ လော့ပ်ဘူရီ၊ နခွန်ပထုံ၊ ဆမွတ် ဆခွန်၊ ချန်ဖွန်၊ ဆာရာဘူရီနဲ့ စူရတ်ဌာနီတို့မှာ ၁ ယောက်စီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ လူနာတွေထဲမှာ မွေးကင်းစ အရွယ်ကစ ၉၃ နှစ်အရွယ်ထိ ပါဝင်ပြီး လူနာအားလုံးမှာ သွေးတိုး၊ ဆီးချို၊ အဝလွန်တာစတဲ့ နာတာ ရှည် ရောဂါတွေ ခံစားနေကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံထားရသူ ပြည်ပပြန် ၂၃ ယောက်ထဲမှာတော့ ၂၂ ယောက်က ထိုင်း လူမျိုးတွေဖြစ်ကြပြီး ၁၂ ယောက်က အိန္ဒိယ၊ ၅ ယောက်က ကမ္ဘောဒီးယား၊ ၄ ယောက်က မလေးရှားနဲ့ ၁ ယောက်က ယူအေအီးနိုင်ငံတွေက အသီးသီး ပြန်လာခဲ့ကြသူတွေ ဖြစ် တယ်လို့ ဆိုပါတယ်။ နောက်ထပ် ၂၃ ယောက်မြောက် ပြည်ပပြန်ကတော့ ပိုလန်နိုင်ငံက ဖြစ်ပြီး သူကတော့ အိန္ဒိယနိုင်ငံကနေ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စု စုပေါင်း ၁၁၃,၅၅၅ ယောက် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၆၄၉ ယောက်နဲ့ ရော ဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၆၉,၉၁၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၆၄ သန်းကျော် ရောဂါကူးစက်ခံရပြီး သေဆုံးသူအ ရေအတွက်ကတော့ ၃ ဒသမ ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေ အတွက်ကတော့ ၁၄၃ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

5 hours Ago

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆ သိန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၈ နိုင်ငံထိ ရှိလာ

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၆ သိန်းကျော် ရှိလာခဲ့ပြီး ကမ္ဘာတဝန်း သိန်းချီသေဆုံးတဲ့ နိုင်ငံ ၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ် ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၆၄ သန်းကျော် ရောဂါကူးစက်ခံရပြီး သေဆုံးသူအ ရေအတွက်ကတော့ ၃ ဒသမ ၄ သန်းနီးပါးနဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေ အတွက်ကတော့ ၁၄၂ ဒသမ ၆ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၂၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅ ဒသ မ ၆ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်း ကျော်စီ၊ ရုရှား၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ စပိန်၊ ဂျာမနီ၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ အီရန်၊ မက္ကဆီကိုနဲ့ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါ တယ်။

အဲဒီနောက်မှာတော့ ပီရူး၊ အင်ဒိုနီးရှား၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ နယ်သာလန်၊ ကနေဒါ၊ ချီလီ၊ အီရတ်၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ တွေနဲ့အတူ ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်း ကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ် မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၃,၀၆၅ ယောက်၊ သေဆုံးသူ ၃,၂၁၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၁၁၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၁,၉၄၇ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူ ၆၁၄ ယောက် ရှိနေပါ တယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၁ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂ သောင်း ၂ ထောင်ကျော်နဲ့ သေဆုံးသူ ၁၅၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄,၃၅၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃၇ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၆၃၈ ယောက်နဲ့ သေဆုံးလူနာ ၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

13 hours Ago
Up