Home
နိုင်ငံတကာ
ပြင်သစ်သူဌေးမ ၁ ဦးက ထိုင်းအိမ်ဖော်ကို ဘတ်သန်း ၁၀၀ ခန့်ပိုင်ဆိုင်မှုနှင့် ကြောင် ၃ ကောင် အမွေပေးပြီး သတ်သေ
DVB
·
May 3, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့်စမွီကျွန်းမြို့ပေါ်မှာ ပြင်သစ်သူဌေးမ ၁ ဦးက သူ့ကိုယ်သူ သေနတ်နဲ့ အဆုံးစီရင်သွားပြီး မကွယ်လွန်ခင်မှာ ထိုင်းအိမ်ဖော်အမျိုးသမီးကို ဘတ်သန်းပေါင်း ၁၀၀ နီးပါး တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ အမွေလွဲပြောင်းပေးအပ်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၅၉ နှစ်ရွယ် ပြင်သစ်အမျိုးသမီး ကက်သရင်း ဒယ်လ်ကုတ်ဟာ ကော်စမွီမှာ တည်းခိုခန်းလုပ်ငန်းကုမ္ပဏီဖွင့်လှစ်ထားပြီး ပြီးခဲတဲ့ ဧပြီ ၂၉  ရက်နေ့မှာတော့ ရေကူးကန်အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို အလုပ်သမားတွေက တွေ့ခဲ့တာပါ။

ထိုင်းအမျိုးသမီး ပါ့တိမ် (ခ) နန်းနာ့ထ်ဝလိုင်း ဖူးဖောင်းတား (၄၉ နှစ် )ဟာ ကက်သရင်းနဲ့ အနီးစပ်ဆုံးအိမ်ဖော်ဖြစ်ပြီး သူဟာ ဧပြီ ၂၈ ရက်မနက်က အိမ်သန့်ရှင်းရေးလုပ်ပေးခဲ့တယ်၊ ပြီးတော့ သူ့မွေးနေ့ဖြစ်လို့ ဘုရားမှာအလှူသွားလုပ်တယ်။ ကက်သရင်းလည်း မွေးနေ့ဆုတောင်း ပေးခဲ့သေးတယ်၊ ဧပြီ ၂၉ မနက်မှာ ရေကူးကန်သန့်ရှင်းရေးအလုပ်သမားက ကက်သရင်းကို သွေးအိုင်ထဲမှာလဲကျနေတာတွေ့ကြောင်း ဖုံးဆက်လာတဲ့အတွက် အမြန်သွားကြည့်ပြီး ရဲတွေကို အကြောင်းကြားခဲ့တာလို့ အိမ်ဖော် ပါ့တိမ်က ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ အလောင်းနားကျနေတဲ့ ပစ္စတိုသေနတ်တလက်ကိုတွေ့ရှိပြီး  စီစီကင်မရာကိုစစ်ဆေးရာမှာ ကက်သရင်းဟာ မသေဆုံးခင်က စားပွဲပေါ်မှာ လက်တော့ပ်တစ်လုံးနဲ့ စာရိုက်နေတယ်၊ ပြီးတော့ ကြမ်းတိုက်တံနဲ့ စီစီကင်မရာကို အောက်စိုက်အနေအထားပြောင်းလိုက်တယ်၊ အဲဒီနောက် ဖြစ်စဉ်တွေမတွေ့ရတော့ဘူးလို့ ဆိုပါ တယ်။ 

တာဝန်ရှိသူတွေက ကက်သရင်းအလောင်းကို သယ်သွားပြီးတဲ့နောက် အိမ်ဖော်ပါ့တိမ်က သူ့ရဲ့ဖုံး ထဲက LINE မက်ဆေ့ကိုဖွင့်ကြည့်ရာမှာ ကက်သရင်းက သူ့ကို အမွေပေးထားခဲ့ကြောင်း စာပို့ထားတယ်လို့ ပြောပါတယ်။ အဆိုပါစာထဲမှာ ကက်သရင်းကသူလက်ရှိနေထိုင်နေတဲ့ ဇိမ်ခံအိမ်ကြီး ၁ လုံး၊ ဇိမ်ခံကား ၁ စီး၊ ၁ ဧကခန့်အကျယ်ရှိ မြေ ၁ ကွက်၊ မီးခံသေတ္တာထဲက လက်ဝတ်ရတနာနဲ့ ဘဏ်ငွေစုစာအုပ်ထဲက ငွေသားအားလုံးကို အိမ်ဖော်ပါ့တိမ်ကို ပေးအပ် ကြောင်း၊ နောက်ထပ် တိုက် ၂ လုံးကိုတော့ ကွာရှင်းထားတဲ့ ခင်ပွန်းဟောင်းကို ပေးအပ်ကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ရဲ့ ချစ်လှစွာသော ကြောင်ကလေး ၃ ကောင်ကိုလည်း စောင့်ရှောက်ပေးဖို့မှာ သွားတယ်၊ သေတမ်းစာနောက်တစောင်မှာ သူ့အလောင်းနားမှာရှိတယ်လို့ ဆိုပါတယ်။ 

ဒါတင်မကဘဲ ရေဖိုး၊ မီးဖိုး၊ အလုပ်သမားလစာနဲ့ သူ့ရဲ့ အသုဘစရိတ်အတွက်ပါ စုစုပေါင်း ဘတ် ၅ သိန်းလည်း လွှဲထားပေးခဲ့တယ်လို့  ပါ့တိမ်က ပြောပါတယ်။

ပါ့တိမ်က သူဟာ ကက်သရင်းဆီမှာ အလုပ်လုပ်နေတာ ၁၇ နှစ်ကျော်ပြီဖြစ်ပြီး ကက်သရင်းဟာ စိတ်သဘောထားကောင်းတယ်၊ ဘာဖြစ်ဖြစ် သူနဲ့အမြဲတိုင်ပင်တယ်၊ အစက တည်းခို ခန်းဖွင့်ပြီး တဖြည်းဖြည်းစီးပွါးတတ်လာတယ်၊  ကက်သရင်းမှာ အရင်က ပြင်သစ်လူမျိုး ခင်ပွန်းရှိပြီး  အခုတော့ကွာရှင်းပြီးပြီ၊ သူ့မှာ စိတ်ညစ်စရာ အထူးအထွေမရှိ၊ ကင်ဆာရောဂါဖြစ်ဖူးပြီး အခုသက်သာသွားပြီ၊  ကက်သရင်းနဲ့သူဟာ ဆွေမျိုးရင်းချာလို့ဖြစ်နေတော့ အခုလိုဆုံးသွားတာ ဝမ်းနည်းတယ်၊ သူပေးထားတဲ့ အမွေတွေလည်း မလိုချင်ပါဘူး ၊  သူဌေးကို အသက်ပြန်ရှင် စေ ချင်ပြီး အရင်လို တူတူပြန်နေချင်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ထိုင်းနာမည်ကြီးရှေ့နေ တေချာ ဆိုသူကတော့ ဒီလိုအဖြစ်အပျက်မျိုး တွေ့ရခဲကြောင်း၊ တာဝန်ရှိသူတွေဟာ သေတမ်းစာအစစ်ဟုတ်မဟုတ် ပြန်စစ်ဆေးရမယ်၊ သေဆုံးသူရဲ့ ဆွေမျိုး သားချင်းတွေဘက်က ကျေနပ်မှုရှိမရှိ ကြည့်ရမယ်၊ အဲဒါတွေကင်းစင်ရင် အိမ်ဖော်က အမွေတွေပိုင်ဆိုင်ခွင့်ရပြီလို့ ပြောပါတယ်။

ကက်သရင်းအိမ်မှာ အလုပ်လုပ်နေတဲ့ တခြားအလုပ်သမားတွေကလည်း ပါ့တိမ်ဟာ သူဌေးမကို အလွန်ဂရုစိုက်ကြောင်း၊ သူဌေးမ ကင်ဆာရောဂါနဲ့  အိပ်ယာထဲလဲနေစဉ် ပါ့တိမ်ကပဲ အပေါ့အလေးကိစ္စမရွံမရှာသုတ်သင်ပေးတယ်၊ အဲဒီလို အကြောင်းတွေကြောင့် သူဌေးမရဲ့ ယုံကြည်စိတ်ချမှုခံရတာလို့ ပြောပါတယ်။

ပါ့တိမ်ဟာ အဲဒီအိမ်မှာ လခ တစ်လ ဘတ်  ၂၂၀၀၀ ရပြီး သူ့မှာ သားသမီး  ၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

Source: Khaosod/MGR Online

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024