
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရီရှားဒေသက အကူအညီတွေပေးနေတဲ့ နေရာတခုကို နိုဝင်ဘာလ ၂ ရက်မှာ ရုရှားတို့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူဦးရေ ၃၇ ယောက်အထိ မြင့်တက်လာပြီး လူပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာလ ၄ ရက်မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အခုနှစ်အတွင်း အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေထဲက တခု ဖြစ်လာပါတယ်။
ကိုမီရှူဗာခါရွာက ကျောင်းဟောင်းတခုရဲ့ အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်ရှာနေတယ်လို့ ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ယာယီအကြီးအကဲ မိုက်ခိုင်လို ဆီမီကင်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
တစိတ်တပိုင်း ပြိုကျပျက်စီးနေတဲ့ မြေအောက်ခိုလှုံရာ နေရာကနေ မြေပြင်ပေါ် ထွက်လာတဲ့ ကယ်ဆယ်ရေးသမားတွေက လူသေအလောင်းထည့်ထားတဲ့ အိတ်တလုံး သယ်လာတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက တယ်လီဂရမ်မှာ တင်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ တွေ့ရတဲ့ အဆောက်အအုံတွေ၊ သစ်ပင်တွေ၊ ခြံစည်းရိုးနဲ့ ပျက်စီးမှုအခြေအနေတွေကို ရိုက်တာသတင်းဌာန၊ ရဲတပ်ဖွဲ့နဲ့ နိုင်ငံတော် အရေးပေါ်ကယ်ဆယ်ရေးဌာနတို့က ရယူထားတဲ့ ဖြစ်စဉ်နေရာရဲ့ ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရှုရာမှာ နေရာအတိအကျကို အတည်ပြုနိုင်ခဲ့ပါတယ်။
ပြည်သူတွေ အကူအညီ လာယူနေချိန်မှာ ရုရှားတပ်ဖွဲ့တွေက ကျောင်းအဆောက်အအုံကို အရင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ခိုလှုံရာနေရာကို ထပ်ပြီး ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားကြ ပါတယ်။
Source: Reuters











