
အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်၊ ရန်ချီမြို့က အိုးရီးယန့်ခရပ်ဖ် ကုမ္ပဏီရဲ့ ၄ ထပ်အဆောက်အအုံ စက်ရုံမှာ အမျိုးသမီးငယ် ရာပေါင်းများစွာဟာ ဗြိတိန် လက်လီရောင်းချသူတွေ ဖြစ်ကြတဲ့ Next နဲ့ Marks & Spencer တို့အတွက် ဝတ်စုံတွေ၊ ရှပ်အင်္ကျီတွေနဲ့ ကလေးဝတ်အထည်တွေကို ချုပ်လုပ် ပေးနေပါတယ်။
ကုမ္ပဏီတည်ထောင်သူ အသက် ၇၇ နှစ်အရွယ် ဆူဒီယာ ဒင်းဂရာရဲ့ ဒီစက်ရုံဟာ အရင်က တင်ပို့ကုန် ၈၀ ရာခိုင်နှုန်းကို အမေရိကန်ဆီ တင်ပို့ခဲ့ပြီး ခုတော့ အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ရည်ရွယ်နေပါတယ်။
Orient Craft ဟာ American Eagle နဲ့ Gap အပါအဝင် အမေရိကန် ဝယ်လက်တွေဆီ ကုန်ပစ္စည်း တွေ ပံ့ပိုးပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အကောက်ခွန်နှုန်းထားတွေ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး နောက်ပိုင်းမှာ ၁၀ ရာခိုင်နှုန်းဆီ ပြန်လျှော့ချပေးခဲ့ပေမဲ့ ဒီအခြေအနေက စီးပွားရေးမဟာဗျူဟာကို ပြောင်းပစ်ဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုသဘောတူညီချက်မှာ မသေချာမရေရာ ဖြစ်နေသေးတဲ့အတွက် ဈေးကွက် တခုတည်းအပေါ် အလွန်အမင်း မှီခိုအားထားနေခြင်းက ဆက်ပြီး အလုပ်မဖြစ်နိုင်တော့ဘူးလို့ ဒင်ဂရာက ပြောပါတယ်။
အကောက်ခွန်တွေ မြင့်တက်လာခြင်းကြောင့် ကုန်ကျစရိတ်တွေ တိုးလာတဲ့အခါ အမေရိကန် ဝယ်လက်တွေက အမှာစာတွေကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် ဈေးနှုန်းလျှော့ချပေးဖို့ အကြီးအကျယ် တောင်းဆိုလာကြတယ်လို့ ဒင်ဂရာက ပြောပါတယ်။
အထည်အလိပ်ထုတ်လုပ်သူတွေရဲ့ အမြတ်အစွန်းပမာဏမှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပေမဲ့ ဝယ်လက် တချို့က တိုးလာတဲ့ အကောက်ခွန်ရဲ့ ၂၅ ရာခိုင်နှုန်းအထိကို ထုတ်လုပ်သူတွေဘက်က ကျခံပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါကြောင့် Orient Craft က အရောင်းတွေကို ဗြိတိန်၊ ဥရောပနဲ့ အိန္ဒိယဈေးကွက်တွေဘက်ကို ပြောင်းလဲ ဦးတည်လာခဲ့ပါတယ်။
အမေရိကန် ဈေးကွက်ဝေစုက အရင်က ၈၄ ရာခိုင်နှုန်း ရှိခဲ့ရာက ခုတော့ ၁၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့ပါတယ်။
တချိန်တည်းမှာ Marks & Spencer နဲ့ Zara အပါအဝင် ဗြိတိန်နဲ့ ဥရောပ လက်လီ ရောင်းချသူတွေဆီ ကုန်ပစ္စည်းတင်ပို့မှု ပမာဏကို တိုးမြှင့်လာခဲ့လို့ နှစ်စဉ် ပို့ကုန်တန်ဖိုးမှာ ရူပီး ၁ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၂ သန်း) လောက် ရှိလာခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး သုတေသနဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် မတ်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံက အမေရိကန်ဆီ တင်ပို့တဲ့ အထည်အလိပ်၊ အဝတ်အထည်နဲ့ အိမ်သုံးအလှဆင်ပစ္စည်းတွေ တင်ပို့မှုပမာဏက ၁၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ လို့ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံအထိ ရှိလာခဲ့ပြီး ကမ္ဘာ့တခြားဒေသတွေဆီ တင်ပို့မှုက ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
လက်ရှိမှာ အိန္ဒိယ-ဗြိတိန် ကုန်သွယ်ရေး သဘောတူညီချက်အရ အိန္ဒိယနိုင်ငံထုတ် အထည်အလိပ် တွေကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်ပြီဖြစ်ပြီး ဥရောပသမဂ္ဂ (EU) နဲ့ အလားတူ သဘောတူညီချက်တခု ရလာရင် ၁၂ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ ရှိနေတဲ့ အကောက်ခွန် တွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်
Source: Reuters











