
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ခွင့်ပြုချက်မရရှိဘဲ လယ်မြေတွေကို ရောင်းချတာ၊ အကွက်ရိုက်တာတွေ၊ လမ်းဖောက်တာတွေ မပြုလုပ်ကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်အတွင်းက လယ်ယာမြေတွေကို မြေယာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ ရောင်းချတာ၊ ဝယ်ယူတာ၊ အကွက်ရိုက်တာနဲ့ တခြားနည်းလမ်းတွေ အသုံးပြုတာတွေကို တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဘယ်သူမဆို လယ်ယာမြေတွေကို သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ လူနေအိမ်ခြံမြေ ပြုလုပ်တာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေကွက်တာ (သို့) တခြားနည်းလမ်းတွေနဲ့ အသုံးပြုဖို့အတွက် မြေကွက်ရိုက်တာ၊ ရောင်းချတာ၊ ဝယ်ယူတာ၊ လွှဲပြောင်းပေးတာနဲ့ အငှားချတာတွေ မပြုလုပ်ဖို့ တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လယ်ယာမြေတွေကို အစိုးရခွင့်ပြုချက်မရှိဘဲ မြေဖို့တာ၊ လမ်းဖောက်တာ၊ ခြံစည်းရိုးကာရံတာ၊ အဆောက်အဦ ဆောက်လုပ်တာနဲ့ မြေအသုံးပြုမှု ပြောင်းလဲစေတဲ့ လုပ်ငန်းတွေကို မဆောင်ရွက်ဖို့၊ မီဒီယာ၊ လူထုဆက်သွယ်ရေး နည်းလမ်းတွေနဲ့ လယ်ယာမြေတွေကို ဥပဒေနဲ့မညီဘဲ ရောင်းတာ၊ ဝယ်ယူတာ၊ ရင်းနှီးမြှုပ်နှံဖို့ ကြော်ငြာတာတွေ လုံးဝမပြုလုပ်ရဘူးလို့လည်း ဆိုထားပါတယ်။
အခု ထုတ်ပြန်ချက် အမိန့်တွေကို ဖောက်ဖျက်ကျူးလွန်သူတွေကို မြေယာဆိုင်ရာဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်တွေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ဥပဒေမဲ့ လုပ်ဆောင်ထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းတာ၊ ရပ်ဆိုင်းတာနဲ့ တရားစွဲဆိုမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး အခုထုတ်ပြန်ချက် အမိန့်ဟာလည်း ဇွန် ၂၉ ရက်ကတည်းက အတည်ဖြစ်တယ်လို့ ပြောထားပါတယ်။
အာရက္ခတပ်တော်ဟာ မြောက်ဦးမြို့ပြတည်ဆောက်ရေး စီမံကိန်းအတွက် မြောက်ဦးမြို့နယ်က လယ်မြေတွေကို သိမ်းယူပြီး ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ၊ လျော်ကြေးငွေ မယူကြတာတွေ ဖြစ်ပွားပြီးနောက် အခုလို လယ်ယာမြေ ရောင်းဝယ်တာ၊ အကွက်ရိုက်တာ၊ မြေဖို့တာတွေ မလုပ်ဖို့ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
လယ်ယာမြေ ရောင်းချလိုက်တာကို ကန့်သတ်လိုက်ပြီးနောက် လယ်သမားအချင်းချင်း လယ်ယာမြေ ရောင်းဝယ်တွေကို ကန့်သတ်လိုက်တာဖြစ်သလို နှောင့်နှေးမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတယောက်ဖြစ်တဲ့ ဦးသန်းနိုင်က ပြောပါတယ်။
“အာရက္ခတပ်တော်က လယ်မြေတွေကို ခွင့်ပြုချက်မရှိဘဲ မရောင်းချရဘူး ဆိုတော့ လယ်သမားတွေမှာ ကိုယ့်ရဲ့ လယ်မြေအချင်းချင်း ရောင်းဝယ်တာကိုတောင် အစိုးရဆီက ခွင့်ပြုချက် အဆင့်ဆင့် ယူနေရမဲ့သဘော ဖြစ်သွားပြီ။ လယ်မြေကို အခြားလုပ်ငန်းမြေအဖြစ် ပြောင်းလဲအသုံးပြုမှာမျိုးကို အစိုးရဆီက ခွင့်ပြုလုပ်ယူရမှာက သဘာဝကျပေမဲ့ လယ်မြေအဖြစ် လယ်သမားအချင်းချင်း ပြန်လည်ရောင်းဝယ်ပြုလုပ်တာကို လွတ်လပ်စွာ ခွင့်ပြုသင့်တယ်လို့ မြင်တယ်။”
မြောက်ဦးမြို့ပြတည်ဆောက်ရေး စီမံကိန်းအဖြစ် သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ ကာလပေါက်ဈေးနဲ့ အစိုးရဆီက လျော်ကြေးပေးငွေတွေဟာ ကွာဟမှုရှိနေတာကြောင့် လျောကြေးမယူကြတဲ့ လယ်သမားတွေလည်း ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်က မြို့၊ ရွာတွေမှာ လူဦးရေ ထူထပ်လာတာကြောင့် ဆင်ခြေဖုံးရပ်ကွက်တွေရှိ လယ်မြေတွေကို အိမ်ခြံအဖြစ် အကွက်ရိုက် ရောင်းချပြီး တိုးချဲ့နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။










