
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်စစ်မျက်နှာတွေမှာ စစ်အင်အား ၂ ဆ၊ ၃ ဆအထိ ဖြည့်ပြီး ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မိုးအကုန် ဆောင်းဦးကာလမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ အာရက္ခတပ်တော်(AA) ဒုတိယစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်က ULA စာစောင်ကတဆင့် ပြည်သူတွေကို သတိပေးလိုက်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာအပြင် ဧရာဝတီ၊ ပဲခူ၊ မကွေးနဲ့ ချင်းပြည်နယ်ဘက်တို့နဲ့ ပင်လယ်ပြင်ကနေတဆင့် လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် ၂ ဆ၊ ၃ ဆအထိ ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီး တပြိုင်နက်တည်း လုပ်လာနေတယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေက မပြီးဆုံးသေးပေမဲ့လည်း တိုက်ပွဲတွေကိုတိုက်ခိုက်ရင်း ရခိုင်ပြည် တည်ဆောက်ရေးကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ လုပ်ဆောင်နေပြီး ‘တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်’ ဆိုတဲ့ အစိုးရလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြင့် ဆောင်ရွက်နေတယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ပြောထားပါတယ်။
ရခိုင်ပြည်ကို ကာကွယ်နေကြတဲ့ အာရက္ခစစ်သည်တွေနဲ့ ဒီလပ်တပ်ဖွဲ့ဝင်တွေအပါဝင် ရခိုင်ပြည်တည်ဆောက်ရေးမှာ ပါဝင်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးက တယောက်ချင်းစီတိုင်းရဲ့ ပေးဆပ်မှုကိုအသိအမှတ်ပြုပြီး အားလုံးဆက်လက်ကြိုးစားကြဖို့ကိုလည်း လိုအပ်တယ်လို့ သူက ဆက်ပြောထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်သူတရပ်လုံး မျှော်လင့်နေကြတဲ့ အမျိုးသားအောင်ပွဲနေ့ရက်မြတ် ဆိုတာဟာလည်း လက်တကမ်းအလို ရောက်ရှိလာနေပြီး တမျိုးသားလုံးလွတ်မြောက်ရေး ရည်မှန်းချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရှေ့ဆုံးကဦးဆောင်တိုက်ပွဲဝင်နေပြီး၊ အခု တော်လှန်ရေး ခရီးကြမ်းဟာလည်း မဖြတ်သန်းလို့မရတဲ့ အနေအထားဖြစ်နေတာကြောင့် ရခိုင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ခွန်အား၊ ဉာဏ်ပညာ၊ စည်းလုံးမှုနဲ့ သတိရှိမှုတွေ အမြဲတမ်းရှိနေဖို့လည်း လိုအပ်တယ်လို့ သူက ပြောထားပါတယ်။
ဒါအပြင် စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေ ဘယ်လောက်များများ ခက်ခဲမှုတွေအကြားမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရည်မှန်းချက်မပျောက်ဘဲ တယောက်ချင်းစီတိုင်း ဆက်လျှောက်နိုင်ကြဖို့က အရေးကြီးပြီး ဝန်ထမ်းဌာန အချင်းချင်းကြားလည်း တခုနဲ့တခု အပြန်အလှန် တန်းဖိုးထားမှုတွေကို ဆက်လက်မြင့်တင်ပြီး အာရက္ခဒေသ အလှဆုံးဖြစ်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ပညာစွမ်းတွေကို အလုံးစုံ အားကုန်စိုက်ကြဖို့ကိုလည်း ဒေါက်တာ ညိုထွန်းအောင် က တိုက်တွန်းပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်မြို့သိမ်းတိုက်ပွဲကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဘက်ကလည်း ရခိုင်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့အတူ ပုဏ္ဏားကျွန်းနဲ့ ကျောက်ဖြူ စစ်မျက်နှာတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။










