ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသည် အယောက် ၄၀ လောက် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဖယ်ရီကူးတို့ သင်္ဘောပေါ် တက်ဖို့ကြိုးစားရင်း ပတ်ဒ်မာမြစ်ထဲကို ထိုးကျသွားခဲ့လို့ အနည်းဆုံး လူ ၂၄ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ် ၂၆ ရက်မှာ ပြောပါတယ်။
ဒီမတော်တဆမှုဟာ မတ် ၂၅ ရက်က ဒါကာမြို့နဲ့ မိုင် ၁၀၀ လောက်အကွာ ရာ့ဂျ်ဘာရီခရိုင်ရှိ ဒေါလက်ဒီးယားဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာပါ။
ကူးတို့သင်္ဘောပေါ်တက်ဖို့ ချဉ်းကပ်လာချိန်မှာ ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ပေ ၃၀ လောက်နက်တဲ့ မြစ်ထဲကို နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ကာကွယ်ရေးဌာနတို့က ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မြစ်ထဲနစ်မြုပ်နေတဲ့ ဘတ်စ်ကားထဲကနေ ရုပ်အလောင်း ၂၂ လောင်းကို ဆယ်ယူရရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေး ၅ ယောက် ပါဝင်တယ်လို့ မီးသတ်တပ်ဖွဲ့အရာရှိ တာလ်ဟာ ဘင်န် ဇာဆင်မ်က ပြောပါတယ်။
ကယ်ဆယ်ပြီးနောက်မှာ ထပ်မံသေဆုံးသွားတဲ့ အမျိုးသမီး ၂ ယောက် အပါအဝင် အခုချိန်အထိ စုစုပေါင်း ၂၄ ယောက် သေဆုံးသွားကြောင်း အတည်ပြုထားပြီး အသက်ရှင်သူ နည်းနည်းပဲရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့ ၄ ဖွဲ့နဲ့ ရေငုပ်သမား ၁၀ ယောက်တို့က ဦးဆောင်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဒေသန္တရအာဏာပိုင်တွေ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
ပျောက်ဆုံးနေသူတွေ ကျန်ရှိနေဦးမယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ် လမ်းအန္တရာယ်နဲ့ ရေကြောင်း မတော်တဆမှုတွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးလေ့ရှိပါတယ်။
Source: Reuters










