DVB Logo
Home
Lead Story
မလေးရှားမှ ပြန်ပို့ခံရသူ ၂၀၀ ကျော် အိမ်ပြန်ရောက်မလာသေးသဖြင့် မိသားစုစိုးရိမ် 
ကေခိုင်
·
October 8, 2026
Photo: MOI
Photo: MOI
Donate to DVB

မလေးရှားထိန်းသိမ်းရေးစခန်းကနေ ပြန်ပို့ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးထဲက ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အပါအဝင် လူဦးရေ ၂၀၀ ကျော်ဟာ လက်ရှိအချိန်ထိ အိမ်ပြန်မ‌ရောက်သေးတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ဟာ အောက်တိုဘာ ၄ ရက်က စစ်သင်္ဘော ၃  စင်းနဲ့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ပြန်ရောက်လာခဲ့ကြတာပါ။

လူ့အခွင့်ရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားက နေရပ်ပြန်ပို့ရေး အစီအစဉ်ကြောင့် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းကနေ ရန်ကုန်ကို ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား ၁,၃၉၀ ယောက်နဲ့ အမျိုးသမီး ၈၆ ယောက် ပါဝင်နေပါတယ်။

လက်ရှိမှာလည်း အများစုက နေရပ်ကိုပြန်လည်ရောက်ရှိလာပြီလို့ ပြန်လည်ရောက်ရှိလာတဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒါပေမဲ့ ဒီကနေ့ အောက်တိုဘာ ၇ ရက်အထိ  ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင် “၁၁ မျဉ်းစောင်း” ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေ အပါအဝင် လူ ၂၀၀ ကျော်ကတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘဲ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားအခြေစိုက် မြန်မာ့အလုပ်သမားနဲ့ ဒုက္ခသည်ရေးရာအဖွဲ့မှ ကိုမင်းထိုက်က “ဒီ ၁၁ မျဉ်းစောင်း ရခိုင်ပြည်နယ်ပဲ ခက်ခဲ ဒုက္ခရောက်ကြရတာပေါ့နော်။ ကျန်တဲ့ ပြည်နယ်တွေကျတော့ အများစုက ပြန်ရောက်ကြပါတယ်တဲ့။ ဒီ ၁၁ မျဉ်းစောင်းတွေကိုကျတော့ သူတို့တွေက စိစစ်နေဆဲပေါ့နော်။ စစ်ဆေးစရာရှိသေးတယ်ဆိုပြီးတော့ ဆက်လက်ထိန်းသိမ်းထားတာပေါ့။ နိုင်ငံရေး ပတ်သက်မှု ရှိ မရှိ၊ AA နဲ့ ပတ်သက်မှု ရှိ မရှိ အကုန်လုံး ဆက်နွှယ်မှု ရှိ မရှိ ပေါ့နော်။ အဲဒီလိုမျိုးတွေ အသေးစိတ်ကို သူတို့က ပိုပြီးတော့ စိစစ်တာပေါ့နော်။ ဒီစစ်ကြောရေးကိုလည်း အခု သူတို့ စပြီးတော့ သိမ်းသွင်းနေတဲ့ ပုံစံမျိုးပေါ့နော်။ ကျန်းမာရေး စစ်ဆေးမယ် ပြောပြီးတော့ အဲလိုမျိုးပေါ့။ ထိန်းသိမ်းထားတဲ့ သဘောပေါ့နော်။ အဲလိုပုံစံမျိုး အကြောင်းပြပြီးတော့ ကျနော့် အမြင်ကတော့ စစ်တပ်ထဲကိုပဲ အတင်းအဓမ္မထည့်ဖို့ စုဆောင်းတဲ့ထဲမှာ ပါသွားနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုပြန်ပို့ခံလိုက်ရတဲ့ ၁,၄၇၆ ယောက်ဟာ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ ၁၀,၃၈၈ ယောက်အထဲက ပထမအသုတ် ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသား အယောက် ၅,၀၀၀ လောက်ကို အသုတ်လိုက် ပြန်ပို့နိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့လည်း သိရပါတယ်။

နေရပ်ပြန်ပို့ပေးမဲ့ အစီအစဉ်လို့ ဆိုပေမဲ့ လက်ရှိအချိန်ထိ နေရပ်ပြန်မပို့သေးတဲ့ မိသားစုဝင်တွေကတော့ စစ်မှုထမ်းပါသွားမှာကို စိုးရိမ်ပြီး အမြန်ဆုံး ပြန်ပို့ပေးဖို့ တောင်းဆိုနေကြပါတယ်။

ပြန်ပို့ခံရသူတယောက်ရဲ့ မိသားစုဝင်က “အခုကလေ ရန်ကုန် သန်လျင်မြို့ ဘုန်းကြီးကျောင်းမှာ ထားတယ်၊ အခု အိမ်ကို မပြန်ရသေးဘူး။ သူတို့က အလုပ်ကိစ္စရှိတယ်၊ ဒီမှာ ဓာတ်မှန်ရိုက်ရမယ်၊ နောက်ပြီးတော့ ရောဂါရှာဖွေရေး ဒီလို တီဘီရောဂါတွေကို စစ်ဆေးမယ်၊ နောက်ပြီးတော့ စမတ်ကတ်တွေ လုပ်ပေးမယ်၊ အလုပ်ရှာပေးမယ်၊ အဲလိုမျိုးပြောတယ်တဲ့။ အလုပ်က တခါတည်းအပ်မယ် အဲလိုပြောတယ်တဲ့။ ဖုန်းခေါ်တဲ့အချိန်ပဲ ပြန်လာခေါ်လို့ ပြောတယ်တဲ့၊ သူတို့က လာမတွေ့နဲ့တော့ပေါ့နော်။ ကျနော့်သားကို စစ်မှုထမ်းတွေပါ ခေါ်မလားပေါ့ အဲလို စိတ်ပူတာပေါ့။ ဒါပါပဲ ရင်ထဲကစကားအတိုင်းပဲလေ။ အမြန်ပြန်လွှတ်ရင်တော့ ပိုကောင်းတာပေါ့။ မနက်ဖြန်လောက် ပြန်လွှတ်သင့်ရင်တော့ ပိုကောင်းတာပေါ့ အဲဒါပဲ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

မလေးရှားအစိုးရကတော့ ဒီအစီအစဉ်ကို “ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်း” လို့ ဆိုထားပေမဲ့ UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခ အခြေအနေတွေကြောင့် ပြန်လည်ရောက်ရှိလာသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ပြန်ပြောထားပါတယ်။

ဒါကြောင့် လက်ရှိမှာလည်း နောက်ထပ်ပြန်ပို့မဲ့ အစီအစဉ်တွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013