
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊ ယာဥ်တော်စံကျေးရွာမှာ ဇွန် ၂၃ ရက်က ၆ တန်းကျောင်းသားတယောက် ဓားနဲ့ ထိုးသတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က ယာဥ်တော်စံကျေးရွာ မူလတန်းလွန်ကျောင်းအနီးရှိ ဓာတ်တိုင်အောက်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ၆ တန်းကျောင်းသား တယောက်ကို တွေ့ခဲ့တာလို့ ဒေသခံတယောက်က DVB ကိုပြောပါတယ်။
“ကျောင်းထမင်းစားဆင်းတော့ ကလေးတွေက ဓာတ်တိုင်နားမှာ လည်ပင်းမှာ ဓားဒဏ်ရာနဲ့လဲနေတဲ့ ၆ တန်းကျောင်းသားကို တွေ့တယ်။ ဆရာမတွေနဲ့ ရွာကလူတွေပေါင်းပြီး ဆေးရုံပို့တော့ လမ်းခုလတ်မှာ သေသွားတယ်။ ဓားနဲ့ထိုးတာက ၆ တန်းကျောင်းသား၊ အဲဒီကလေးကိုလည်း ထိုးတဲ့ဓားနဲ့ ရဲတွေက ဖမ်းမိတယ်။ သေတဲ့သူရော ဓားနဲ့ထိုးသူရော ယာဥ်တော်စံရွာကပဲ။”
သေဆုံးသူမှာ အသက် ၁၅ နှစ် အရွယ် ၆ တန်းကျောင်းသား မောင်ထက်ထူးအောင် ဖြစ်ပြီး ယာဥ်တော်စံကျေးရွာနေသူဖြစ်ပြီး ဓားနဲ့ထိုးသတ်ခဲ့သူလို့ သံသယရှိသူဟာ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်မောင်တိုး ဖြစ်ပြီး ယာဥ်တော်စံကျေးရွာနေသူလို့ ဒေသခံက ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၆ တန်းကျောင်းသား မောင်မောင်တိုးကို အမရပူရမြို့နယ် ရဲစခန်းက စစ်ဆေးနေတယ်လို့ မြိုခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကလည်း အမရပူမြို့နယ် မြစ်ငယ် အထက်တန်းကျောင်းမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်က ဓားနဲ့ဝင်ထိုးလို့ ကျောင်းသားကျောင်းသူ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။










