
ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်မြို့အနားက ခဲယမ်းမီးကျောက် သိုလှောင်ရုံတခုကို ရုရှားက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၃၇ ယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့ပြီး နေအိမ် အဆောက်အအုံတွေ အပြင်းအထန် ပျက်စီးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
ရုရှားရဲ့ ကနဦးတိုက်ခိုက်မှုဟာ ကိယက်ဗ်ဒေသ၊ ဘူချာခရိုင် မိုင်လာရွာက ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ပိုင် ခဲယမ်းမီးကျောက် သိုလှောင်ရုံတခုကို ထိမှန်ခဲ့တယ်လို့ ဗီဒီယိုမိန့်ခွန်းထဲမှာ ဇလန်းစကီး က ပြောခဲ့တာပါ။
ကျည်ဆန်တွေ မိုင်းတွေ၊ ဒရုန်းတွေနဲ့ တခြားခဲယမ်းမီးကျောက်တွေ ပေါက်ကွဲမှုကြောင့် ကျယ်ကျယ် ပြန့်ပြန့် ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့ပါတယ်။
ပထမဆုံး ခဲယမ်းမီးကျောက် သိုလှောင်ရုံ တိုက်ခိုက်ခံရမှုမှာ ဒုက္ခသည်တွေကို ကူညီကယ်ဆေယ်ပေးနေတဲ့ ဒေသခံလူမှုအသိုက်အဝန်းရဲ့ အကြီးအကဲ သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ လူနေရပ်ကွက်တွေနားမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ သိုလှောင်မှုကို ဝေဖန်ခဲ့ပါတယ်။
ရုရှားက ပစ်ချဖို့ခက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဂျက်အင်ဂျင်ဒရုန်းတွေ ပိုသုံးပြီး ယူကရိန်းအား လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လာပြီး ကိယက်ဗ်မြို့တော်နဲ့ အနီးတဝိုက် ဒေသအပေါ် သုံးရက်ဆက်တိုက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
မြို့တော်ကို ဒရုန်း လှိုင်းအသစ်တွေ ချဉ်းကပ်လာလိမ့်မယ်လို့ ယူကရိန်းလေတပ်က သုံးရက်ဆက်တိုက် ဥဩဆွဲပြီး သတိပေးခဲ့ပါတယ်။ သြဂုတ် ၂၇ နဲ့ ၂၈ ရက်တွေမှာ မြို့တော် ကိယက်ဗ်မြို့နဲ့ အနီးတဝိုက်ကို တိုက်ခိုက်ခဲ့လို့ ဂိုဒေါင်တွေနဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။
လူဦးရေ သန်းပေါင်း များစွာရှိတဲ့ မြို့တော်ကို မလှုပ်ရှားနိုင်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတခုလို့ ယူကရိန်းအရာရှိတချို့က ပြောပါတယ်။
Source: Reuters











