
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆောက်လုပ်ထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ ဒေသအခေါ် မုဆိုးမအိမ်ရာပိုင် မြေကွက်တွေကို အရာရှိတွေက ကျပ်သိန်း ၁၅,၀၀၀ ကနေ စတင်ပြီး အမြင့်ဆုံး ကျပ် ကျပ်သိန်း ၃၀,၀၀၀ နှုန်းနဲ့ ရောင်းစားနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ထွက်ပြေးလာရတဲ့ ကျဆုံးစစ်သားတွေရဲ့ မိသားစုဝင်တွေကို နေထိုင်ခွင့်ပြုဖို့ ရည်ရွယ်ထားတဲ့ ဇီးအုပ်ကွက်သစ်၊ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်းရပ်ကွက်၊ (ဋ) ရပ်ကွက်၊ ကံကြီးကုန်းရပ်ကွက်၊ ညည-၂၅ ရပ်ကွက်တို့က မြေတွေကို ကျဆုံးစစ်သား မိသားစုဝင် တွေကို မပေးတော့ဘဲ အထက်အရာရှိတွေက ရောင်းစားလာကြတာလို့ ဆိုပါတယ်။
မန္တလေးမြို့ဒေသခံတယောက်က ”အဲဒီနေရာတွေကို ကျူးကျော်ဆိုပြီး စစ်တပ်ဖျက်တာ။ ပြီးတော့ ဂရန်ချပြီး ရောင်းစားနေတာ စစ်တပ်ဘက်က။ မုဆိုးမအိမ်ရာ အထပ်မြင့် အဆောက်အအုံကိုတော့ ဆောက်ပြီးပြီ။ အဲဒီအိမ်ရာအတွက် ရည်ရွယ်ထားတဲ့ နောက်ထပ်မြေကွက်တွေကို အထက်အရာရှိ တွေက ကျဆုံးစစ်သားတွေရဲ့ မိသားစုကို မပေးတော့ဘဲ အကွက်ရိုက်ရောင်းစားနေကြတာ လွန်ခဲ့တဲ့ ၂ လ လောက်ကပဲ”လို့ ပြောပါတယ်။
မုဆိုးမအိမ်ရာဟာ မန္တလေး စက်မှု ၂ မှာရှိပြီး အဲဒီအိမ်ရာကို အကောင်အထည်ဖော်ဖို့ ဇီးအုပ်ကွက်သစ်၊ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း ရပ်ကွက်၊ (ဋ) ရပ်ကွက်၊ ကံကြီးကုန်းရပ်ကွက်၊ ညည-၂၅ ရပ်ကွက်ကို ကျူးကျော်ဆိုပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ဖြိုဖျက်ပြီး စစ်တပ်က သိမ်းယူသွားတာဖြစ်ပါတယ်။
မန္တလေးနန်းမြို့လောက်ကျယ်တဲ့ အဲဒီနေရာကို စစ်တပ်အထက်အရာရှိတွေက အတွင်းပိုင်းနေရာ ပေ ၄၀ ၆၀ ပေတကွက် ကျပ်သိန်း ၁၀,၀၀၀ ဝန်းကျင်ကနေ ၁၅,၀၀၀ ခွဲ အထိ၊ လမ်းနဲ့ နီးတဲ့ မြေကွက်တွေကို ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးနဲ့ ရောင်းစားနေကြတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဆောက်ပေးထားတဲ့ မုဆိုးမအိမ်ရာ အထပ်မြင့်တိုက်မှာတော့ အခု တက် နေကြပြီ။ ကျန်တဲ့မြေကွက်တွေကိုတော့ အမည်စာရင်းပဲတင်ပြ၊ နေအိမ်တွေကို ဂရမ်ချပြီး ပြန်ရောင်းစားတာပေါ့ဗျာ။ နေရာက ရပ်ကွက် ၄ ခုစာရှိတယ်ဆိုတော့ မြင်ကြည့်ပေါ့။ သူတို့ စရောင်းတုန်းကတော့ ၁၀,၀၀၀ လောက်ကစတာ”လို့ ပြောပါတယ် ။
အဲဒီအိမ်ရာဟာ စစ်အာဏာရှင်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွား တဲ့ စစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုတွေ၊ သားသမီးတွေ၊ ဒုက္ခိတစစ်သားတွေနဲ့ စစ်မှုထမ်းဟောင်း တွေ နေထိုင်နိုင်ဖို့ သီးသန့်ဆောက်လုပ်ပေးထားတဲ့ တိုက်တန်းအိမ်ရာစီမံကိန်းဖြစ်ပါတယ်။
မန္တလေးမှာ မြေသိမ်း၊ ယာသိမ်းကိစ္စတွေ စစ်တပ်အုပ်ချုပ်ပြီးနောက် အများအပြား ပေါ်ပေါက် လာခဲ့ပြီး လက်ရှိမှာလည်း ခရိုနီမောင်ဝိတ်ရဲ့ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာက အိမ်တွေကို ဩဂုတ် ၃၀ ရက် နောက်ဆုံးထားဖယ်ရှားခိုင်းတာကြောင့် ဒေသခံတွေနဲ့ ပြဿနာ ဖြစ်နေတာပါ။










