
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေထဲက လူ ၅ ယောက်မှာ ၄ ယောက်နှုန်းဟာ လက်ရှိလူနာတွေနဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘဲ ကူးစက်နေတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အရေးပေါ် အခြေအနေ ဆိုင်ရာ ညွှန်ကြားရေးမှူး ချီကွယ် အီဟက်ကွီးဇူးက ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အခုအချိန်အထိ လူပေါင်း ၁,၇၉၂ ယောက် ကူးစက်ခံ ထားရပြီး ၆၂၅ ယောက် သေဆုံးခဲ့ရတဲ့ ကွန်ဂိုအရှေ့မြောက်ပိုင်းက ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်အထိ ရုန်းကန်နေရလဲဆိုတာကို ဒီကိန်းဂဏန်းတွေက ပြသနေတာပါ။
အထူးသဖြင့် ရောဂါအပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ အီတူရီပြည်နယ်၊ ဘူနီယာမြို့မှာ ကူးစက်မှု အသစ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဟာ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဖူးသူစာရင်း (Contact list) ထဲမှာ မပါဝင်တဲ့ ပြင်ပလူတွေဆီကနေပဲ ဖြစ်နေပါတယ်။
ဒါပေမဲ့ မြောက်ကီဗူးပြည်နယ်လို ကူးစက်မှုနည်းတဲ့ နေရာတွေမှာတော့ ကူးစက်မှုအသစ် အားလုံးနီးပါးဟာ ထိတွေ့ဖူးသူစာရင်းထဲက ဖြစ်နေလို့ အခြေအနေ အနည်းငယ် တိုးတက်မှုရှိတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပညာရှင်တွေရဲ့ တွက်ချက်မှုပုံစံတွေနဲ့ ပိုးစစ်ဆေးတွေ့ရှိမှုနှုန်းအရ လက်ရှိအီဘိုလာကူးစက်မှုရဲ့ အမှန်တကယ် ပမာဏဟာ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်ထက် ၂ ဆကနေ ၄ ဆအထိ ပိုများ နေနိုင်တယ်လို့ အီဟက်ကွီးဇူးက သတိပေးထားပါတယ်။
လူဦးရေ တသန်းလောက်ရှိတဲ့ ဘူနီယာမြို့မှာ အီဘိုလာပိုး လာရောက်စစ်ဆေးသူ ၂ ယောက်မှာ ၁ ယောက်နှုန်းက ပိုးတွေ့နေရပြီး ဒါဟာ လူထုကြားထဲမှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အပြင်းအထန် ဖြစ်နေတယ်ဆိုတာကို ပြသနေတာပါ။
မူလအထောက်အထားတွေအရ အခုကူးစက်နေတဲ့ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးစိပ်ဟာ တခြားမျိုးစိပ် တွေထက်စာရင် ရောဂါလက္ခဏာ မပြင်းထန်တာကြောင့် ဒေသခံတွေကြားမှာ ရောဂါအပေါ် ကြောက်ရွံ့မှု လျော့နည်းသွားစေပြီး၊ တချို့မိသားစုတွေဟာ ဖျားနာနေတဲ့ ဆွေမျိုးတွေကို ဆေးရုံ မပို့ဘဲ အိမ်မှာပဲ ပြုစုစောင့်ရှောက်နေကြပါတယ်။
ဒါဟာ ကုသရေးစင်တာကို ရောက်လာတဲ့လူနာတွေအတွက် အသက်ရှင်နိုင်ခြေ ပိုများစေတယ် ဆိုပေမဲ့ ရောဂါပိုးရှိသူတွေက လူထုကြားထဲမှာ အချိန်ကြာကြာ ရှိနေတဲ့အတွက် ဗိုင်းရပ်စ်ကို ဆက်ပြီးဖြန့်ဝေနေသလို ဖြစ်စေပါတယ်။
ဒါကြောင့်မို့လို့ သံသယရှိသူတွေကို ရှာဖွေဖို့နဲ့ လက္ခဏာရှိသူတွေကို ဆေးကုသမှုခံယူဖို့ တိုက်တွန်း နိုင်အောင် လူထုကျန်းမာရေးဝန်ထမ်းပေါင်း ၂၁,၀၀၀ ကို တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးဖို့အတွက် အာဏာပိုင်တွေက ဒီအပတ်ထဲမှာပဲ စတင်သင်တန်းပေးနေပြီ ဖြစ်ပါတယ်။
Source:Reuters











