DVB Logo
Home
Lead Story
မဲစာရင်းကို စိတ်ဝင်စားမှု အလွန်ပဲအားနည်းနေတယ်ဆိုတာဟာ ကောင်းတဲ့အချက် မဟုတ်ပါဘူး- ဦးထွန်းထွန်းဟိန်
DVB
·
June 15, 2015
မဲစာရင်းကို စိတ်ဝင်စားမှု အလွန်ပဲအားနည်းနေတယ်ဆိုတာဟာ ကောင်းတဲ့အချက် မဟုတ်ပါဘူး- ဦးထွန်းထွန်းဟိန်
Donate to DVB

ရွေးကောက်ပွဲကော်မရှင်က အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်ကြေညာနေရာမှာ နေရာဒေသအနှံ့ မဲစာရင်းမှားယွင်းမှုတွေ၊ အပို၊ အလိုတွေ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုမဲစာရင်းစိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြည်သူလူထုဟာ မဲစာရင်းနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု အလွန်အမင်း အားနည်းတာ တွေ့ရကြောင်းနဲ့ ဒါဟာ ကောင်းတဲ့ အချက်မဟုတ်ဘူးလို့ ပြောပါတယ်။ အပြောင်းအလဲ လိုချင်တဲ့ နိုင်ငံသားတွေအဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို မဲစာရင်းစိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မဲစာရင်းတွေ နိုင်ငံတ၀န်း မှားနေတယ်၊ မှားရင် လာပြောကြလို့ ပြောတယ်။ ပြင်ဦးလွင်ဘက်က ရပ်ကွက်တခုမှာဆို လူ ၂၀၀၀ မှာ ၁၀၀၀ ပျောက်နေတယ်လို့ ကြားသိရတယ်။ ကော်မရှင်ကို မေးတော့ လာပြောကြ၊ လာမပြောရင် ဆောရီးပဲလို့ ကော်မရှင်က ပြောတယ်။ ဒီဖြစ်ရပ်ဟာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။
“ဘယ်သူ့မှာ တာဝန်ရှိသလဲဆို မဲစာရင်းကို ပြုစုနိုင်တဲ့သူပေါ့နော်။ မဲစာရင်းကို ပြုစုနိုင်တဲ့လူက ရွေးကောက်ပွဲကော်မရှင်ကသာ ပြုစုနိုင်တာပါ။ ပြုစုသူက အခွင့်အာဏာရှိတာပေါ့လေ။”

မဲစာရင်းတွေက နေရာအနှံ့မှာ မှားနေတာ တွေ့ရတယ်။ မှန်အောင်လုပ်မယ်ဆိုရင် ရတဲ့ အချိန်လေးမှာ ဘယ်လိုပြင်ကြမလဲခင်ဗျား။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းတွေကို စိစစ်နေပါတယ်။ စိစစ်တယ်ဆိုတဲ့ဥစ္စာက အခုချိန်ဆိုလို့ရှိရင်တော့ တတိယအဆင့်ပေါ့လေ၊ တတိယအဆင့်ဆိုတော့ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း အားလုံးရဲ့ ၃ ချိုး ၂ ချိုးလောက် ကြေညာပြီးပြီပေါ့။ ဒီအခြေအနေ ရှိပါတယ်ခင်ဗျ။ ဒီအခြေအနေမှာ ကျနော်တို့ ကြည့်တော့ မဲစာရင်းတွေက အလွန်ကိုပဲ မတရားမှားနေတာ တွေ့တယ်။ မှားနေတဲ့ဟာ တွေ့တဲ့နေရာမှာ ပြင်ဆင်ဖို့ရက်က ၁၄ ရက်ပဲ ရပါတယ်။ မဲစာရင်း ကပ်တာကနေ ၁၄ ရက်ပေါ့။ ၁၄ ရက်တည်းမှာ ကျနော်တို့ မလုံလောက်ပါဘူး။”

မှန်အောင်ပြင်မယ်ဆိုရင် အချိန်မလုံလောက်တဲ့ ပြဿ      နာကြုံရတာပေါ့နော်။
“ဟုတ်ပါတယ်။ ကျနော်တို့က ပြင်မယ်လို့ ပြောလို့ရှိရင် အချိန်မလုံလောက်ပါဘူး။ ၁၄ ရက်နဲ့တော့ ဘယ်လိုမှ အချိန်မလုံလောက်ပါဘူး။ မလုံလောက်တော့ ကျနော်တို့က ပြီးသွားတဲ့ နောက် ဆက်လက်ပြီးတော့ ကျနော်တို့ ပြင်မယ့်အချက်အလက်တွေကို စုဆောင်းထားရတယ်။ ရွေးကောက်ပွဲ ကြေညာပြီးတဲ့နောက်မှာ မဲစာရင်း ထပ်ပြီးတော့ ကြေညာပါ့မယ်။ ဒုတိယအကြိမ် မဲစာရင်း ကြေညာတာပေါ့လေ။ အဲဒီကြေညာတဲ့အခါ ၇ ရက်အတွင်းမှာ ကျနော်တို့ မဲစာရင်းကို ပြင်ပေးဖို့ရာ ထပ်ပြီးတော့ ဥပဒေအရ ခွင့်ပေးတာ ရှိပါတယ်။ ၇ ရက်အတွင်းမှာဆိုရင် ကျနော်တို့ ပြင်ဖို့ အသင့်ပြင်ထားတဲ့ ဥစ္စာတွေကို ၇ ရက်အတွင်းမှာ ပြင်ပေးပါဆိုပြီးတော့ လျှောက်ထားရမှာပေါ့။”

ရွေးကောက်ပွဲကြေညာပြီး မဲစာရင်း ကြေညာဦးမယ်ဆိုတာ ပိုမိုရှင်းအောင် ပြောပြပါ။
“ရွေးကောက်ပွဲကြေညာပြီးတဲ့နောက်မှာ မဲစာရင်းပေါ့နော်။ အဲဒီအချိန် ကြေညာတဲ့ မဲစာရင်းက ‘ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း’ ပါ။ အခု မဲစာရင်းကတော့ အခြေခံ မဲဆန္ဒရှင်စာရင်းပါ။ ရွေးကောက်ပွဲဆိုင်ရာစာရင်းကို ထပ်ပြီး ကြေညာပါဦးမယ်။ အဲဒီအချိန်မှာဆို ပြင်ဆင်ဖို့က ၇ ရက်ပဲ ရပါတယ်။”

မဲစာရင်းတွေ အလွန်အကျွံမှားရင် ရွေးကောက်ပွဲဟာ ဘာဖြစ်သွားနိုင်လဲ။
“ကျနော်တို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတဖို့လို့ ပြောရင် ပထမဆုံး မဲစာရင်းဟာ မှန်ကန်တိကျဖို့ လိုပါတယ်။”

မဲစာရင်းမှားတဲ့အခါ မဲဆန္ဒရှင်တွေဘက်က ဘာတွေ နစ်နာရဖို့ရှိလဲ။
“မဲဆန္ဒရှင်တွေအတွက်ကတော့ ခုက ပြောသလိုပေါ့လေ။ ကိုယ်ကတော့ သွားပြီးတော့ ကိုယ့်မဲစာရင်းကို သွားပြီးတော့ မစိစစ်ဘူးလို့ ပြောလို့ရှိရင် မဲတကယ်ပေးတဲ့ရက်မှာ မဲတကယ်ပေးတဲ့အခါလည်းကျရော မဲပြားထုတ်ပေးသူနဲ့ မဲစာရင်း စစ်ဆေးသူက ‘ခင်ဗျားနဲ့ မဲစာရင်းထဲမှာရှိတဲ့ သူနဲ့က မကိုက်ညီဘူး’ လို့ ငြင်းမယ်ဆိုရင် ငြင်းလို့ ရသွားတာပေါ့။”

မဲစာရင်းတွေမှာ မြန်မာဘာသာနဲ့ပဲ ရေးတော့ တိုင်းရင်းသားပေါင်းစုံ ရှိပြီး မြန်မာစာနဲ့ အကျွမ်းမ၀င်တဲ့ဒေသက ပုဂ္ဂိုလ်တွေ ကျတော့ရော။ ကော်မရှင်အနေနဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေအနေနဲ့ပဲဖြစ်ဖြစ် မဲစာရင်းမှန်ကန်အောင် ဘယ်လိုမျိုး ၀ိုင်းဝန်းဆောင်ရွက်နေကြပါသလဲ။
“ကျနော်တို့ အခုကတော့ ဒီ ပြည်နယ်တွေမှာ ပါလာတာ ဒီ တတိယအဆင့်မှာ ပါလာတာပေါ့လေ။ မဲစာရင်းကြေညာတာ ဒါပါနဲ့ဆို တတိယအဆင့်ပေါ့။ တတိယအဆင့်မှာ ကျနော်တို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ပါလာတာပေါ့။ ဒါပေမယ့် တိုင်းနဲ့ပြည်နယ်မှာ ပါလာတဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ ဒီပြည်နယ်တွေကို ရောက်သွားတဲ့အခါမှာ ပြည်နယ်တွေက တိုင်းရင်းသားဘာသာစကားပေါ့။ တိုင်းရင်းသားဘာသာစကားတွေအနေနဲ့က မြန်မာဘာသာနဲ့ မတူတဲ့အတွက်ကြောင့် အခက်အခဲတော့ ရှိနိုင်ပါတယ်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးမှာ မြန်မာစာက ရုံးသုံးဘာသာ ဖြစ်နေတဲ့အတွက်ကြောင့် ဒီဥစ္စာကိုပေါ့လေ တတ်နိုင်သမျှ အဆင်ပြေအောင် ကျော်လွှားရမှာပေါ့။”

မဲစာရင်းလွဲမှားမှုဟာ နိုင်ငံရေးပါတီတွေက အမတ်လောင်းတွေ၊ တသီးပုဂ္ဂလ အမတ်လောင်းတွေအတွက် နစ်နာချက်ကရော ဘာတွေဖြစ်မလဲ။
“မဲစာရင်းမှ မမှန်ဘူးဆိုရင် မဲပေးတာလည်း ဘယ်မှန်မလဲ။”

မဲစာရင်းအမှားက ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေတုန်းက အတွေ့အကြုံအရ ဒီလိုမျိုး အမှားတွေ အလွန်အကျူး မကြုံဖူးဘူး။ မဲအမှားက ဘယ်လိုမျိုးပုဂ္ဂိုလ်တွေအတွက် အကျိုးအမြတ် ထွက်နိုင်လဲ။
“ဒါကတော့ ကျနော်ပြောတာ မဲစာရင်းပြုစုရမယ့်လူတွေပေါ့နော်။ မဲစာရင်း ပြုစုရမယ့်လူတွေလို့ ကျနော်ပြောတဲ့အခါမှာ တချို့ကလည်း ဒီကော်မရှင်ဆိုတဲ့ဥစ္စာတော့ အချိန်ပြည့်ဝန်ထမ်း သိပ်ပြီးတော့နည်းတဲ့နေရာပါပဲ၊ ကျနော်မြင်တာက။ အချိန်ပြည့်ဝန်ထမ်း သိပ်ပြီးနည်းတဲ့အခါကျတော့ မဲစာရင်းတွေရိုက်တဲ့အခါမှာ တွေ့ကြုံတဲ့ ကြုံရာကျပမ်းပေါ့လေ၊ ကြုံရာ ရိုက်ရတဲ့အနေအထားမျိုး ရှိပုံရပါတယ်။ ကျနော်တို့ ဒါ တွေ့နေရတဲ့အချက်ကိုကြည့်ရတာ။ အဲဒီတော့ ကျနော်တို့က ဘာပြောမလဲဆိုရင်တော့ ကြုံရာကျပမ်းရိုက်ရတဲ့အခါကျတော့ တာဝန်ယူမှုကလည်း အလွန်ပဲ အားနည်းကြတာ။ တာဝန်ယူမှု အလွန်အားနည်းကြတဲ့ အခါကျတော့ ထွက်လာတဲ့ မဲစာရင်း result (ရလဒ်) တွေက တအားကို မှားနေတာ တွေ့ရတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီမဲစာရင်းတွေ မှားတဲ့ကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ရင် အကောင်းဆုံး ဖြစ်မယ် ထင်သလဲ။
“ကျနော်တို့ အဲဒါကိုပါပဲခင်ဗျ။ ကျနော်တို့က မဲစာရင်းဝင်ပြီးတော့ စိစစ်တယ်ဆိုတဲ့ဥစ္စာက ကျနော်တို့က အပြစ်ပြောဖို့ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့က မှန်ကန်ပြီး တိကျတဲ့ မဲစာရင်း ရရှိဖို့ပေါ့လေ။ မှန်ကန်ပြီး တိကျတဲ့မဲစာရင်း ရရှိမှသာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်နိုင်မှာကိုး။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်ကိုလည်း အပြစ်ပြောဖို့တော့ မဟုတ်ပါဘူး။ မဲစာရင်း စိစစ်တဲ့လူအနေနဲ့ ရှိတဲ့ဒီအခက်အခဲပေါ့လေ ကျနော်ပြောတာက။ ရှိတဲ့အခက်အခဲကို ဘယ်လိုပူးပေါင်းပြီးတော့ အကောင်းဆုံးဖြေရှင်းမလဲ ဆိုတဲ့ ဥစ္စာပေါ့ အဖြေရှာဖိုတော့ လိုတာပေါ့။”

ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းထုတ်ပေးလိုက်ပြီ၊ ပြည်သူလူထုက သူတို့နာမည် မပါရင် လာပြောဖို့ သူတို့ပုခုံးပေါ်မှာ တာဝန်ရှိတယ်ပေါ့။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်ပြည်သူတွေကရော ဘာလုပ်သင့်လဲ။

“ကျနော်တို့ကတော့ ဒီဥစ္စာပါခင်ဗျ။ ဘာဖြစ်လဲဆို ပထမအကြိမ် ပထမအဆင့်ပေါ့လေ ရန်ကုန်တိုင်းမှာ ၁၀ မြို့နယ် မဲစာရင်းကြေညာတဲ့အခါမှာ ကျနော်တို့ ပြည်သူလူထုကို ကြည့်ပါတယ်။ ပြည်သူလူထုက ဘာဖြစ်လဲဆိုလို့ရှိရင် မဲစာရင်းပေါ်မှာ စိတ်ဝင်စားမှုက အလွန်ပဲ အားနည်းပါတယ်ခင်ဗျ။ အခု တတိယအဆင့် မဲစာရင်းကြေညာတဲ့အခါမှာလည်း ပြည်သူလူထုကို ကြည့်တဲ့အခါမှာလည်း ပြည်သူလူထုက မဲစာရင်းကို စိတ်ဝင်စားမှုက အလွန်ပဲ အားနည်းပါတယ်။ မဲစာရင်းကို စိတ်ဝင်စားမှုအလွန်ပဲ အားနည်းနေတယ်ဆိုတာဟာ ကောင်းတဲ့အချက် မဟုတ်ပါဘူး။ ထို့အတူပဲ ကျနော်တို့က ဘာဖြစ်လဲဆိုလို့ရှိရင် ပြည်သူလူထု စိတ်ဓာတ် တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ လိုပါတယ်။ လှုံ့ဆော်ပေးတဲ့နေရာမှာ မီဒီယာသမားတွေက လှုံ့ဆော်ပေးရမယ်။ နောက်တခါ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေက လှုံ့ဆော်ပေးရမယ်။ နောက်တခါ ပိုစတာအနေနဲ့ လှုံ့ဆော်ပေးရမယ်။ ဒီလိုပေါ့ ဘက်ပေါင်းစုံ လိုတယ်။ နိုင်ငံရေးပါတီတွေကလည်း လှုံ့ဆော်ပေးဖို့ လိုပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သမျှတော့ လှုံ့ဆော်ပါတယ်။ ထို့အတူပဲ တတ်နိုင်သမျှ မဲစာရင်း စိစစ်ရေးကို လုပ်ပါတယ်။ ကျနော်တို့ကတော့ ပြည်သူလူထုက မဲစာရင်းဆီကို မလာဘူးလို့ ပြောရင် မဲစာရင်းက ပြည်သူလူထုဆီသွားအောင် ကျနော်တို့ တအိမ်တက်ဆင်း လိုက်ပြီးတော့ တတ်နိုင်သလောက် တအိမ်တက်ဆင်းမေးပြီးတော့ ပြင်ဆင်နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။”

မဲစာရင်းနဲ့ ပတ်သက်လို့ မှတ်ချက်စကားပြောပြပါ။
“ကျနော်ပြောချင်တာကတော့ နိုင်ငံသူနိုင်ငံသားတွေကို ပြောချင်တာပေါ့။ ကျနော်တို့က ဒီ အပြောင်းအလဲ လိုချင်တယ်လို့ ပြောလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲကို အလေးထားရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲကို အလေးထားမယ်လို့ ပြောလို့ရှိရင် မဲစာရင်းကိုလည်း အလေးထားရမှာပါ။ အဲဒီတော့ ပြည်သူလူထုအနေနဲ့ကလည်း မဲစာရင်းလေးကို အလေးထားပေးကြပါ။ ပြည်သူရဲ့ ပူးပေါင်းကူညီမှုမပါဘူးဆိုရင် နိုင်ငံတနိုင်ငံ ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို ပြည်သူလူထုကို ကျနော်တို့ အသိပေးချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013