
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် လူပေါင်း ၉၀ အထိ သေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက မေ ၂၃ ရက်မှာ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။
ဓာတ်ငွေ့ပေါက်ကွဲမှုဟာ မေ ၂၂ ရက် ညနှောင်းပိုင်းက ချင်းယွမ်ခရိုင်ရှိ လျိူးရှန်းယူ ကျောက်မီးသွေးတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ မြေအောက်၌ အလုပ်သမား ၂၄၇ ယောက် တာဝန်ထမ်းဆောင်နေခဲ့ပြီး စနေနေ့ မနက်အစောပိုင်းမှာတော့ အလုပ်သမား ၂၀၁ ယောက်ကို မြေပြင်ပေါ် ပြန်လည် ခေါ်ထုတ် နိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်အထိ အလုပ်သမား ၂၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိနေသူတွေကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။
CCTV က ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေအရ ကျောက်မီးသွေးတွင်းဝမှာ လုံခြုံရေးစည်း တွေ တားဆီးထားပြီး လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြား စုရုံး ရောက်ရှိနေတာကို မြင်တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒဏ်ရာရရှိသူတွေကို အမြန်ဆုံး ကုသပေးဖို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သေချာစုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ အမိန့်ပေးထားကြောင်း ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ချင်းယွမ်ခရိုင် ဒေသခံအရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ရဲ့ ပြောကြားချက်အရ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကတည်းက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုမိုဘေးကင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးခဲ့တာကြောင့် ဓာတ်ငွေ့ပေါက်ကွဲမှုနဲ့ ရေကြီးမှု တွေကြောင့် ဖြစ်ပွားတတ်တဲ့ ကျောက်မီးသွေးတွင်း သေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချ နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အခု လျိူးရှန်းယူ သတ္တုတွင်းပေါက်ကွဲမှုဟာ ဆယ်စုနှစ်တခုအတွင်း တရုတ်နိုင်ငံမှာ သေဆုံးမှုအများဆုံး ဖြစ်ရပ်တွေထဲကတခု ဖြစ်လာခဲ့ပါတယ်။
Source:Reuters










