ဗြိတိန်စွန့်စားခရီးသွား ကားလ်ဘုရှ်ဘီဟာ ၂၈ နှစ်ကြာ ကမ္ဘာပတ်ခြေလျင်ခရီးကို အဆုံးသတ်ပြီး နိုဝင်ဘာ ၂ ရက်မှာ အင်္ဂလန်နိုင်ငံ ဟားလ်မြို့က မိခင်ရဲ့အိမ်ကို ပြန်ရောက်လာပါတယ်။
အသက် ၅၇ နှစ်အရွယ် ဗြိတိန်လေထီးတပ်ဖွဲ့ဝင်ဟောင်း ဘုရှ်ဘီဟာ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁ ရက်က ချီလီနိုင်ငံကနေ ခရီးစတင်ခဲ့တာ ဖြစ်ပါတယ်။
ခရီးစဉ်တလျှောက် ယာဉ်အကူအညီနဲ့ ခရီးမဆက်ဖို့နဲ့ ခရီးမပြီးမချင်း ဗြိတိန်ကို မပြန်ဖို့ဆိုတဲ့ စည်းကမ်းနှစ်ချက်ကိုလည်း သူကိုယ်တိုင် ချမှတ်ခဲ့ပါတယ်။
သူဟာ တိုက်ကြီးလေးတိုက်ကို ဖြတ်သန်းပြီး ကီလိုမီတာ ၅၀,၀၀၀ လောက် ခရီးနှင်ခဲ့ရတာ ဖြစ်ပါတယ်။
ခရီးစဉ်မှာ အမေရိကတိုက် အလယ်ပိုင်းက တောနက်တွေ၊ အလက်စကာနဲ့ ရုရှားကြား ရေခဲပြင်တွေကို ဖြတ်ကျော်ခဲ့သလို အင်္ဂလိပ်ရေလက်ကြားကိုလည်း ရေကူးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဗီဇာအခက်အခဲတွေ၊ ငွေကြေးပြဿနာတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ၂၈ နှစ်မှာ ၁၅ နှစ်လောက်သာ ခြေလျင်ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁ ရက်မှာတော့ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူနဲ့ ပြန်ဆုံခဲ့ပြီး တခါမှ မတွေ့ဘူးသေးတဲ့ အသက် ၁၂ နှစ်အရွယ် မြေးမလေးကိုလည်း ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။
နိုဝင်ဘာ ၂ ရက်မှာ ဟားလ်မြို့ခံ ရာနဲ့ချီက သူ့ကို ကြိုဆိုခဲ့ကြပြီးနောက် မိခင် အန်ဂျလာ ဘုရှ်ဘီနဲ့ မိသားစုနေအိမ်မှာ ပြန်ဆုံခဲ့ပါတယ်။
၁၀ နှစ်ကြာ မတွေ့ခဲ့ရတဲ့ သားဖြစ်သူကို မိခင်က “ဘယ်တွေသွားနေတာလဲ” လို့ မေးခဲ့ပြီး အခုလို အိမ်ပြန်ရောက်လာတဲ့အတွက် စိတ်အေးသွားပြီလို့ ပြောပါတယ်။
ဘုရှ်ဘီကလည်း “အိမ်ပြန်ရတာ ဝမ်းသာပါတယ်၊ အိပ်မက်လိုပါပဲ” လို့ ပြောခဲ့ပြီး သူ့ရဲ့ ခရီးရှည်ကြီးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
Source: Reuters











