
ဗြိတိန်အစိုးရအဖွဲ့အတွင်း အကွဲအပြဲအကြီးအကျယ်ဖြစ်နေပြီး ဝန်ကြီးချုပ် ကီယာစတာမာ နုတ်ထွက်မဲ့ အချိန်ဇယားသတ်မှတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ရှာဘာနာမာမွတ် အပါအဝင် ဝန်ကြီး တချို့က တောင်းဆိုလိုက်ပါတယ်။
မေ ၁၂ ရက် မနက်ပိုင်းအထိ စတာမာ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လေဘာပါတီ လွှတ်တော် အမတ်အရေအတွက်ဟာ ၇၂ ယောက်အထိ ရှိလာခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ လက်ထောက် ၆ ယောက်လည်း ရာထူးကနေ နုတ်ထွက်သွားသလို ဝန်ကြီးချုပ်အပေါ် လူထုရဲ့ ယုံကြည်မှု မရှိတော့ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ လေဘာပါတီက ကောင်စီဝင်နေရာ ၁,၅၀၀ နီးပါး ဆုံးရှုံးခဲ့တာ ကြောင့် စတာမာ အပေါ် ဖိအားတွေ ပိုများလာတာပါ။
ဒါပေမဲ့ ဝန်ကြီးချုပ်ကတော့ သူဟာ အမှားတချို့ လုပ်ခဲ့ပေမဲ့ နိုင်ငံရေးအရ မှန်ကန်တဲ့ ရွေးချယ်မှု တွေကို လုပ်ခဲ့တယ်လို့ ဆိုပြီး ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"အစိုးရကို သံသယရှိနေသူတွေ မှားတယ်ဆိုတာကို သက်သေပြသွားမယ်" လို့လည်း အခိုင်အမာ ပြောဆိုခဲ့တာပါ။
ဝန်ကြီးချုပ်ဟာ အစိုးရရဲ့ အာဏာကို ပြန်လည်တည်ဆောက်ဖို့အတွက် ဗြိတိန် သံမဏိလုပ်ငန်းကို နိုင်ငံပိုင် သိမ်းဖို့နဲ့ ဥရောပသမဂ္ဂ (EU) နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ပြင်ဆင် နေပါတယ်။
ဒီအတောအတွင်း မန်ချက်စတာမြို့တော်ဝန် အန်ဒီ ဘန်ဟမ်ကို ခေါင်းဆောင်နေရာမှာ အစားထိုးဖို့ ပါတီတွင်းမှာ ထောက်ခံနေကြပါတယ်။
ဒုတိယဝန်ကြီးချုပ် အင်ဂျလာ ရေနာကလည်း လေဘာပါတီအနေနဲ့ အခုထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဝေဖန်ပါတယ်။
အစိုးရအဖွဲ့ဟာ ပါတီတွင်း အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် မေ ၁၂ ရက်မှာ တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Source:Reuters










