ဂါဇာဒေသမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ထိန်းချုပ်မှုကို ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့အတွက် ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အတည်ပြုပါတယ်။
မေ ၂၈ ရက် ညီလာခံအတွင်း လူအုပ်ထဲက တယောက်ဟာ “၁၀၀” ရာခိုင်နှုန်းဆိုပြီး အော်ပြောလိုက်ချိန်မှာ “တဆင့်ချင်းစီ သွားကြတာပေါ့” ဆိုပြီး နေတန်ယာဟုက တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။
ဝန်ကြီးချုပ်က“ပထမဆုံးအနေနဲ့တော့ ၇၀ ရာခိုင်နှုန်းပေါ့၊ ဒီလောက်နဲ့ပဲ စကြရအောင်။ သူတို့ကို ဘက်ပေါင်းစုံကနေလည်း ဖိအားပေးနေပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေပါ ဆက်လက်ကိုင်တွယ်သွားဖို့ ရှိတဲ့အကြောင်း” ဖြည့်စွက်ပြောပါတယ်။
အခုလိုမျိုး အစ္စရေးရဲ့ ထိန်းချုပ်မှုကို တိုးချဲ့မဲ့အရေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် စေ့စပ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ပါ စည်းကမ်းချက်တွေနဲ့တော့ ဆန့်ကျင်ရာ ရောက်ပါတယ်။
အလားတူ ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်နဲ့ အပစ်ရပ်ဖို့ သဘောတူထားပေမဲ့လည်း အစ္စရေးဘက်က တိုက်ခိုက်မှုတွေကို ဆက်လုပ်နေချိန်အတွင်း နေတန်ယာဟုရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။
၂၀၂၅ အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး စတင်ပြီးချိန်ကတည်းက ပါလက်စတိုင်းဦးရေ ၇၃၈ ယောက်ထက်မနည်း သေဆုံးစေခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနအရ သိရပါတယ်။
ဒါ့အပြင် အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အဆိုပြုချက်အရ နောက်ထပ်အဆင့်တွေမှာ ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစ္စရေးတပ်တွေကို ရုတ်သိမ်းပေးရဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ကြား တဆင့်ခံဆွေးနွေးပွဲတွေဟာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်ပြီး ရပ်တန့်နေပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် ကတော့ “ဂါဇာကို အရပ်ဘက်အနေနဲ့ရော စစ်ဘက်အနေနဲ့ပါ ဟားမတ်စ် အုပ်ချုပ်လို့မရအောင် ကတိပြုထားတယ်” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
တချိန်တည်းမှာ အစ္စရေးရဲ့ “ဆန္ဒအလျောက် ပြောင်းရွှေ့စေခြင်း” ဆိုတဲ့ အစီအမံအရ ဂါဇာဒေသက ပါလက်စတိုင်း အရပ်သားတွေကို အတင်းအကျပ် နေရပ်စွန့်ခွာခိုင်းရာ ရောက်တဲ့အလျောက် စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ မေ ၁၂ ရက်အထိ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း ၇၂,၇၄၂ ယောက် သေဆုံးခဲ့ရပြီး နောက်ထပ် ၁၇၂,၅၆၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီသေဆုံးခဲ့ရသူတွေထဲ ကလေးအယောက် ၂၁,၀၀၀ ကျော် ပါဝင်နေတဲ့အပြင် ဂါဇာဒေသခံ ၂ ဒသမ ၁ သန်းထဲက အများစုပါ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါတယ်။










