
အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ရှိ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက အာရက္ခ ဒေသမှာရှိတဲ့ ဆေးရုံတွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားနေတဲ့ မိတ်ဖက်၊ မဟာမိတ်နယ်မြေတွေမှာ အသုံးပြုမဲ့ အများသုံးဆေးဝါးတွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဝယ်ယူဖို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက စတင်ခေါ်ယူနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးဌာန အနေနဲ့ အခုလို တင်ဒါစနစ်ကို ပြောင်းလဲကျင့်သုံးတာဟာ ဆေးဝါးဈေးနှုန်းတွေကို တပြေးညီဖြစ်စေဖို့၊ ပြည်သူတွေအနေနဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ဆေးဝါးတွေကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်စေဖို့နဲ့ ဆေးဝါးဖြန့်ဖြူးမှုကို ပိုမိုထိရောက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ဦးဒေသခံ အမျိုးသမီးတယောက်က “ရခိုင်မှာက ဆေးတွေလည်း ဈေးကြီးတယ်။ ဆေးခန်း တခါပြရင်လည်း သိန်းနဲ့ချီကုန်တယ်။ ဆေးတွေသာ အလွယ်တကူဝယ်လို့ရပြီး ဈေးသက်သာရင် ဒေသခံတွေအတွက် သိပ်အကျိုးရှိတာပေါ့” လို့ ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကစလို့ စစ်အာဏာရှင်က ပြည်မဘက်နဲ့ ရခိုင်ပြည်သွားတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားခဲ့ပြီး ဆေးဝါးသယ်ယူမှုကိုလည်း တားမြစ်ထားတာကြောင့် ရခိုင်ပြည်အတွင်းမှာ ဆေးဝါးတွေ၊ ဆေးကုကိရိယာတွေ၊ ဆေးရုံသုံးပစ္စည်းတွေ ရှားပါးပြီး အခက်အခဲ ဖြစ်နေတာကြောင့် အခုလို တင်ဒါစနစ် ပြောင်းလဲတဲ့အပေါ် ဝမ်းသာမိကြောင်း နောက်ထပ် သွေးတိုး၊ ဆီးချိုရောဂါနဲ့ ဆေးကုသမှုခံယူနေရသူ မင်းပြားဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဆေးတွေသာ ဈေးသက်သက်သာသာနဲ့ အရင်အတိုင်း ပြန်ဝယ်လို့ရရင် ရောဂါရှိတဲ့သူတိုင်းအတွက် ဆုလာဘ်တခုမို့ တင်ဒါခေါ်ပြီး ဝယ်ယူဖို့ ဖိတ်ခေါ်တဲ့အပေါ် လက်ခံတယ်။”
အရင်ကတော့ ဆေးရုံတရုံချင်းစီက လိုအပ်တဲ့ ဆေးဝါးတွေကို သီးခြားဝယ်ယူပြီး ဖြန့်ဖြူး ရောင်းချခဲ့တာ ဖြစ်ပေမဲ့ အခုအခါမှာတော့ ကျန်းမာရေးဌာန (ဗဟို) က ဦးဆောင်ပြီး တင်ဒါစနစ်နဲ့ ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တင်ဒါလျှောက်လွှာတွေကို မြို့နယ်ကျန်းမာရေးဌာနတွေမှာ ထုတ်ယူနိုင်ပြီဖြစ်ပြီး စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေ လျှောက်ထားနိုင်ပြီလို့လည်း သိရပါတယ်။
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ တီဘီ၊ HIV၊ ငှက်ဖျားရောဂါကုသဆေးတွေ၊ ကိုယ်ဝန်တားဆေးအချို့နဲ့ ကာကွယ်ဆေးတွေကို အခမဲ့ဖြန့်ဝေပေးနေသလို ဆေးရုံနဲ့ ဆေးခန်းတွေမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေကိုလည်း ဆက်လက် ဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာရက္ခဒေသနဲ့ ပလက်ဝဒေသတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ မျက်စိနဲ့ သွားရောဂါကုသရေး၊ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးတာနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။










