
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲတဲ့ စမ်းသပ်မှုတခုအတွင်း တာလတ်ပစ်ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာလ ၄ ရက်မှာ ဖော်ပြပါတယ်။
ဒုံးကျည်ကို အောက်တိုဘာလ ၃ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းဒေသကနေ ပစ်လွှတ်ခဲ့ပြီး နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်က ပစ်မှတ်တခုကို ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံလိုင်း KRT က ပြောပါတယ်။
ဒီစမ်းသပ်လေ့ကျင့်မှုက အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဗျူဟာမြောက် လက်နက်စနစ်ကို ကိုင်တွယ်အသုံးပြုမဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့နဲ့ နိုင်ငံရဲ့ စစ်ရေးအရ ဟန့်တားနိုင်စွမ်းအပေါ် ယုံကြည်စိတ်ချရမှု၊ စွမ်းဆောင်ရည်နဲ့ ရွေ့လျားနိုင်စွမ်းတို့ကို အကဲဖြတ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။
အခုပစ်လွှတ်မှုဟာ အခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေအနက် နောက်ဆုံးလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုပါ။
ပြီးခဲ့တဲ့လက စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေ ချိန်မှာ ဒီစမ်းသပ်ပစ်လွှတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်လိုက်တာတွေ့လိုက်ပြီး အဲဒီ ဒုံးကျည်ဟာ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်ဘက်ဆီ ကီလိုမီတာ ၇၀၀ ကျော် ပျံသန်းသွားခဲ့တယ်လို့ ခန့်မှန်းတဲ့အကြောင်း တောင်ကိုရီးယားစစ်တပ်က စနေနေ့မှာ ပြောပါတယ်။
Source: Reuters










