
အီရန်အစိုးရအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ရင် အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၂၁ ရက်မှာ ခြိမ်းခြောက်ခဲ့ ပါတယ်။
စစ်ပွဲကို အရှိန်လျှော့ချဖို့ ပြောဆိုအပြီး တရက်အကြာမှာ စစ်ရေးပဋိပက္ခတွေ သိသိသာသာ မြင့်တက်လာခဲ့တာပါ။
အီရန်က ခြိမ်းခြောက်မှုမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို အခုကနေ ၄၈ နာရီအတွင်း အပြည့်အဝ မဖွင့်ပေးရင် အမေရိကန်ပြည်ထောင်စုက အကြီးဆုံးတခုကစပြီး သူတို့ရဲ့ ဓာတ်အားပေးစက်ရုံ အမျိုးမျိုးကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ထရမ့်ပ်က လူမှုမီဒီယာမှာ ပြောပါတယ်။
အီရန်ရဲ့ လောင်စာနဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ရင် ဒေသတွင်းက အမေရိကန်စွမ်းအင်အခြေခံ အဆောက်အအုံအားလုံးကို ပစ်မှတ်ထားမဲ့အကြောင်း အီရန်ရဲ့ ပေါင်းစည်းတိုက်ခိုက်မှု ကွပ်ကဲရေးဌာနက သတိပေးခဲ့တယ်လို့ အီရန်မီဒီယာတွေက မတ် ၂၂ ရက် အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် သင်္ဘောအများစုက ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ရည် ထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံလောက်အတွက် လမ်းကြောင်းဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ ဟော်မုဇ်ရေလက်ကြားကို မဖြတ်သန်းနိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သယ်ပို့ရေးကို ခြိမ်းခြောက်နေပါတယ်။
ဥရောပဓာတ်ငွေ့ဈေးနှုန်းတွေလည်း ပြီးခဲ့တဲ့အပတ်က ၃၅ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters











