
ရုရှားနိုင်ငံ ယာရိုစလဗ်ဒေသ၊ မော်စကိုမြို့တော်မြောက်ဘက်ကို ယူကရိန်းက ဇွန် ၁၄ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်လို့ စက်မှုလောင်စာသိုလှောင်ရုံတခုကို ထိမှန်ခဲ့ပြီး မီးလောင်ခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးငြှိမ်းသတ်ဖို့ အထူးဌာနတွေက ဆောင်ရွက်နေတယ်လို့ မီခေးလ် ယဗ်ရာယက်ဗ်က တယ်လီဂရန် လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
လူမှုမီဒီယာပေါ်က ဗီဒီယိုထဲမှာ တိုက်ခိုက်မှုအပြီး ရေနံစက်ရုံကနေ မီးခိုးတွေ ထွက်လာတာကို ပြသထားပါတယ်။
ဗီဒီယိုထဲက အဆောက်အအုံတွေ၊ လျှပ်စစ်ဓာတ်အား တာဝါတွေ၊ ရေကန်တွေရဲ့ တည်နေရာက အဲဒီဒေသရဲ့ မှတ်တမ်းပုံရိပ်တွေနဲ့ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံတွေနဲ့ပါ ကိုက်ညီနေလို့ အတည်ပြုနိုင်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ ယာရိုစလဗ်ဒေသက ရေနံစက်ရုံတခုကို တိုက်ခိုက်ခဲ့တယ်လို့ ဇွန် ၁၄ ရက်က X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
ယာရိုစလဗ် ဒေသအုပ်ချုပ်ရေးမှူးက ဇွန် ၁၄ ရက်မှာ ဒေသတွင်းက လောင်စာဆီ သိုလှောင်ရုံတခုကို ဒရုန်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက် မီးလောင်မှုဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။
Source: Reuters










