
ရှေ့တန်းမှာ သေဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ အသက်အာမခံကြေးကို စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်သားပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီက တနှစ်ကျော်တဲ့အထိ ထုတ်မပေးဘူးလို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ် အမ်း-ပဒါန်းလမ်းတိုက်ပွဲမှာ ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက် အသက်အာမခံကြေး ပြန်ထုတ်ဖို့ အောင်မြင့်မိုရ်မင်း ကုမ္ပဏီကို စာတင်ခဲ့ပေမဲ့ တနှစ်ကျော်ကြာတဲ့အထိ အသက်အာမခံ ကြေးငွေကို ပြန်ထုတ်မပေးဘူးလို့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတခုမှ မိသားစုဝင် တယောက် က DVB ကို ပြောပါတယ်။
“ရှေ့တန်းမှာသေလို့ အသက်အာမခံကြေးထုတ်ဖို့ စာတင်တာတောင် သေစာရင်း အရင်လုပ်ရတယ်။ သေစာရင်းလုပ်ပြီး ငွေထုတ်ဖို့တင်တော့ အချက်အလက် ပြည့်စုံနေတာတောင် ထုတ်မပေးဘူး။ ၂၀၂၅ ခုနှစ် မတ်လကတည်းက အသက်အာမခံကြေးထုတ်ဖို့ အောင်မြင့်မိုရ်မင်းကုမ္ပဏီကို စာတင် ထားတာ အခုဆို တနှစ်ကျော်သွားပြီ၊ ပြန်ထုတ်မပေးဘူး။”
၂၀၂၄ ခုနှစ်က ဗန်းမော်တိုက်ပွဲမှာ သေဆုံးသွားတဲ့ တပ်ကြပ်ကြီးတယောက်အတွက် အောင်မြင့်မိုရ်မင်းကုမ္ပဏီမှာ အသက်အာမခံကြေး ပြန်ထုတ်ဖို့ ဇနီးဖြစ်သူက တင်ပြထားပေမဲ့ ၂ နှစ် ပြည့်ကာလအထိ မရသေးဘူးလို့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတခုမှ တပ်မိသားစုဝင် တယောက်က DVB ကို ပြောပါတယ်။
“တပ်ထဲမှာက လစာထုတ်ရင် ဦးပိုင်အတွက် ဖြတ်တယ်၊ အသက်အာမခံကြေး ဖြတ်တယ်၊ ရှေတန်းမှာလည်း ကျသွားရောသွင်းထားတဲ့ အသက်အာမခံကြေး ပြန်ထုတ်ဖို့ အတော်လေး စိတ်ညစ်ရတာ။ တင်ပြရတဲ့ အထောက်အထားကလည်း မျိုးစုံ၊ ဒါတောင် ယောကျ်ား အောင်မြင့်မိုရ်မင်းကုမ္ပဏီမှာ အသက်အာမခံကြေး သွင်းထားတာ သိလို့၊ မသိရင် တပ်ရင်းမှူးက အဲဒီ အသက်အာမခံကြေး ကျန်ရစ်သူမပေးဘဲ ထုတ်စားတာ။ ကျမတို့ဆို တနှစ်နဲ့ ခြောက်လရှိပြီ၊ အသက်အာမခံသွင်းထားတဲ့ပိုက်ဆံ ပြန်မရသေးဘူး။ ကိုယ်တယောက်တည်း ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး၊ တပ်ရင်းတိုင်း ဖြစ်နေတာ။”
အရင်က အသက်အာမခံကြေးကို အရာရှိ၊ စစ်သည်တွေဟာ မြန်မာ့အာမခံလုပ်ငန်းမှာသာ ထားရပြီး ၂၀၁၅ ခုနှစ်မှာ အာဏာရှင် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က သူ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီမှာ ပြောင်းထားဖို့ ဆုံးဖြတ်ခဲ့တာလို့ စစ်မှုထမ်းဟောင်း တယောက်က ပြောပါတယ်။
“တပ်သားအဆင့်ဆို အသက်အာမခံကြေး တလ ကျပ် ၈,၄၀၀ သွင်းရတယ်။ ဗိုလ်ကြီးအဆင့်ဆို ၁၀,၀၀၀၊ အာမခံကြေးကလည်း ၅ သိန်းကစပြီး အနည်းဆုံး ၅ နှစ်စုရတာ။ အရင် မြန်မာ့အာမခံ လုပ်ငန်းမှာတုန်းက အာမခံကြေးက ထုတ်ရတာ အခုလောက်မကြာဘူး။ မင်းအောင်လှိုင်သား ကုမ္ပဏီ ကျမှ ထုတ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာ။”
စစ်ဘက်က ကျင့်သုံးနေတဲ့ အသက်အာမခံကြေး ဥပဒေအရ အာမခံထားသူ အရာရှိ၊ စစ်သည် ကွယ်လွန်သွားခဲ့ရင် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ အမွေဆက်ဆံခွင့်ရှိသူ ထုတ်ပေးရမှာ ဖြစ်ပေမဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီက ဒီအချက်တွေကို ချိုးဖောက်နေတယ်လို့ သတင်းအရင်းအမြစ်က ထောက်ပြပါတယ်။
အခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း ဦးပိုင်ဝင်းထဲမှာရှိတဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီကို သေဆုံးသွားတဲ့ အရာရှိ၊ စစ်သည် မိသားစုဝင်တွေ အသက်အာမခံကြေးငွေ သွားရောက်ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေဘဲ ပြန်လာရတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရ ပါတယ်။
အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရတဲ့ အရာရှိ၊ စစ်သည် ထောင်ချီရှိပြီး အောင်မြင့်မိုရ်မင်းကုမ္ပဏီက အသက် အာမခံကြေးအတွက် ပြန်ထုတ်ပေးရမဲ့ ငွေတွေကို အခုချိန်ထိ မထုတ်ပေးတာ ဖြစ်ပါတယ်။











