
အိန္ဒိယနိုင်ငံမှာ လူငယ်လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပိုးဟပ်ဂျန်ဒါပါတီက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ဆန့်ကျင်ရင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ကြေညာပါတယ်
နယူးဒေလီမြို့တော်မှာ ဆန္ဒပြသူ ရာပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့တွေက ဒုတိယမြောက်နေ့ အဖြစ် ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ ခုလိုကြေညာခဲ့တာပါ။
နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျန်နက်ရှ်ကူးမားကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေကို မကျင်းပမီ အောက်တိုဘာ ၁၀ ရက်က မွမ်ဘိုင်းမြို့ကနေ နယူးဒေလီမြို့ဆီ လေယာဉ်နဲ့ ရောက်လာတဲ့ ပိုးဟပ်ဂျန်ဒါပါတီကို တည်ထောင်သူ အဘီဂျစ် ဒစ်ပ်ကေ၊ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဆူရာ့ဗ် ဒတ်စ်နဲ့ အရှူတော့ရှ် ရန်ကာတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဂျန်နက်ရှ် ကူးမားကို ကာကွယ်ဖို့ သူတို့ ဘာမဆိုလုပ်မယ် ဆိုတာကို နာရန်ဒြာမိုဒီက အလွန်ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြခဲ့ပြီးပြီလို့ ရန်ကာက သတင်းထောက်တွေကို ပြောခဲ့ဖူးပါတယ်။
ဒီလူငယ်လှုပ်ရှားမှုအဖွဲ့ဟာ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ၁၂ နှစ်တာ အာဏာသက်တမ်းအတွင်း ရင်ဆိုင်ရတဲ့ အကြီးမားဆုံး နိုင်ငံရေးစိန်ခေါ်မှုတွေထဲက တခုဖြစ်လာတာပါ။
မိုဒီရဲ့ ဘာရာတီယာ ဂျနာတာပါတီ (BJP) ဟာ ဒီကာလအတွင်း ရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ် အပြတ်အသတ် အနိုင်ရခဲ့ပြီး ပြိုင်ဘက်တွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုမှန်သမျှကို ဖယ်ရှားနိုင်ခဲ့ပါတယ်။
မဲစာရင်းပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေက မိုဒီအတွက် မမျှတတဲ့ အကျိုးအမြတ်တွေကို ရစေတယ်လို့ ပြောဆိုထားကြပြီး ဆန္ဒပြသူတွေကတော့ ဒီကိစ္စရပ်တွေအတွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျန်နက်ရှ် ကူးမား ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
Source: Reuters











