
ရုရှားဟာ မေ ၁၄ ရက် အစောပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တရစပ် တိုက်ခိုက်ခဲ့တာကြောင့် လတ်တလော စာရင်းတွေအရ လူတယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေနဲ့ မြို့တော် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တီမူရ် ထာချန်ကိုက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံ အတော်များများ ပျက်စီးခဲ့ပြီး မြို့ရဲ့ တခြားနေရာတွေမှာ လည်း ဒရုန်းအပျက်အစီးတွေ နေအိမ်ခေါင်မိုးပေါ် ကျရောက်တာမျိုးနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
မြို့အရှေ့ပိုင်း ဒါနစ်စကီးခရိုင်မှာ လူနေအိမ်တလုံးရဲ့ အစိတ်အပိုင်းတချို့ ပြိုကျသွားတာကြောင့် အပျက်အစီးပုံအောက်မှာ လူတွေ ပိတ်မိနေတယ်လို့ ထာချန်ကိုက တယ်လီဂရမ်မှာ ရေးပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မှတ်တမ်းဗီဒီယိုတွေထဲမှာ တိုက်ခိုက်မှုအတွင်း မြေပြင်နဲ့ ဝေဟင်မှာ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားနေတာကို တွေ့ရသလို ကြာသပတေးနေ့က ရိုက်ကူးထားတဲ့ ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အပျက်အစီးပုံတွေကြားမှာ အလုပ်လုပ်နေကြတာကို မြင်တွေ့ရပါတယ်။
Source: Reuters











