
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းကို ဆက်သွယ်ထားတဲ့ ရိုးကျော်လမ်းတွေက ပွိုင့် ၅၀၀ ကာကင်းစခန်းကုန်းအနီး ဝန်းကျင်နဲ့ လေလာတောင် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ့ကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ပဲခူးတိုင်း ပန်းတောင်းလမ်းပေါ်က စစ်တပ်ရဲ့ လက်နက်ထုတ်ရာမှာ အသုံးပြုတဲ့ ယမ်းချက်စက်ရုံ ကပစ ၁၆ အနီးဝန်းကျင်က ပွိုင့် ၅၀၀ စခန်းကုန်းနဲ့ အနီးဝန်းကျင်တွေမှာ ဧပြီ ၂၅ ရက်နဲ့ ဧပြီ ၂၆ ရက်နေ့က အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ပွိုင့် ၅၀၀ စခန်းကုန်း (ကပစ ၁၆) အနီးက ပွိုင့် ကာကင်းစခန်းတွေလည်း အများကြီးရှိတယ်။ အဲဒီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ ၂ ရက်ရှိပြီ။”
အလားတူ အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ရိုးပေါ်က ညောင်ကျိုးကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေနဲ့ AA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ လေလာတောင်ဝန်းကျင်အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဒီစစ်ကြောင်းက ညောင်ကျိုးကို ရအောင် ထိုးစစ်ဆင်နေတာ ကြာပြီ။ အခုလည်း ညောင်ကျိုးစခန်းဘက်ကို ဦးတည်လာတာ ညောင်ကျိုးကို မရောက်ဘူး။ လေလာတောင်ဝန်းကျင်မှာပဲ ဖြစ်နေကြတယ်။”
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေထဲက ပွိုင့် ၅၀၀ စခန်းကုန်း အပါအဝင် ကာကင်းစခန်းတွေကို ဧပြီ ၂၄ ရက်က စစ်အင်အား ၂၀၀ ဝန်းကျင်လောက် ဖြည့်တင်းခဲ့ပြီး လေလာတောင်ကိုတော့ စစ်အင်အား ၁၀၀ လောက် ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို အင်အားဖြည့်တင်းပြီး နောက်နေ့တွေမှာ စစ်တပ်ဘက်က AA ထိန်းချုပ်နေရာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် အခုလို တိုက်ပွဲတွေဖြစ်နေတာလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။










