
ဆော်ဒီဘုရင့်နိုင်ငံဟာ ယီမင်အစိုးရကို နိုင်ငံတဝန်း အာဏာစက် သက်ရောက်စေဖို့နဲ့ အကြမ်းဖက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ရင်ဆိုင်ရာမှာ ဆော်ဒီနိုင်ငံအနေနဲ့ ယီမင်အစိုးရဘက်က အပြည့်အဝ ထောက်ခံအားပေးတယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က စက်တင်ဘာ ၃၀ ရက်မှာ ပြောကြားပါတယ်။
ယီမင်နိုင်ငံမှာ တည်ငြိမ်မှု ပြန်လည်ရရှိစေဖို့အတွက် ဆော်ဒီနိုင်ငံအနေနဲ့ ‘တရားဝင်အစိုးရကို ထောက်ခံတဲ့ မဟာမိတ်အဖွဲ့’ ကတဆင့် အပြည့်အဝ ထောက်ခံအားပေးတယ်လို့လည်း အတည်ပြု ပြောဆိုပါတယ်။
ဒါ့အပြင် ယီမင်ပြည်သူတွေနဲ့ ဒေသတခုလုံးအပေါ် ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ဖျက်ဆီးမှုနဲ့ ခြိမ်းခြောက် မှုတွေကို လမ်းစဉ်အဖြစ် ရွေးချယ်ခဲ့တဲ့ “အကြမ်းဖက် ဟူသီလက်နက်ကိုင်တွေ” ရဲ့ တိုက်ခိုက်မှုတွေ ကို ရင်ဆိုင်သွားမယ်လို့လည်း ဆိုပါတယ်။
ဆော်ဒီအာရေဗျ အနေနဲ့ တင်းမာမှုတွေ လျှော့ချဖို့နဲ့ သံတမန်ရေးရာ နည်းလမ်းတွေအတိုင်း ဖြေရှင်းတာကို အားပေးကူညီဖို့ ဖြစ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ အိမ်ရှေ့မင်းသား ဘင် ဆယ်လ်မန်က ပြောပါတယ်။
ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ်ရာမှာ နည်းနည်းလောက်တောင် လျှော့ပေါ့ပေးမှာ မဟုတ်ဘဲ စိန်ခေါ်ခြိမ်းခြောက်မှုနဲ့ ရန်စတိုက်ခိုက်မှု မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်း ပြောခဲ့ပါတယ်။
ဆော်ဒီနိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး တို့အတွက် စိန်ခေါ်မှုမှန်သမျှကို အမြဲနိုးကြားစွာ ရင်ဆိုင်ကာကွယ်ပေးနေတဲ့ ရဲရင့်တဲ့ ရဲဘော်တွေကို ဂုဏ်ယူကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသားကြီးဟာ ဘုရင် ဆယ်လ်မန် ဘင် အဘဒူအာဇစ် အယ်လ်ဆာအုဒ်ရဲ့ ကိုယ်စား နှစ်စဉ် မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် ရှူရာကောင်စီရဲ့ ၉ ကြိမ်မြောက် သက်တမ်းအတွက် တတိယမြောက်နှစ်ကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ (SPA) က ဖော်ပြပါတယ်။
Source: Reuters










