
ပြင်သစ်လိဂ်ဝမ်းကလပ် ဘရက်စ်အသင်းရဲ့ နည်းပြ အဲရစ်ရွိုင်းဟာ အသက် ၅၈ နှစ်မှာ ကွယ်လွန် သွားပါတယ်။
ဆန်းဒါးလန်း ကွင်းလယ်လူဟောင်းဖြစ်တဲ့ ရွိုင်းဟာ ၂၀၂၃ ဇန်နဝါရီမှာ ဘရက်စ်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဘရက်စ်ကို ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒါဟာ ဘရက်စ်အသင်းအတွက် ပထမဆုံး ဥရောပပြိုင်ပွဲဝင်ခွင့် ဖြစ်ပါတယ်။
သူဟာ ၃ နှစ်ခွဲကြာ ပန်ကရိယကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်လို့ ရွိုင်းရဲ့ မိသားစု ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘရက်စ်အသင်းကလည်း နည်းပြရွိုင်း ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်း X (ယခင် Twitter) မှာ ရေးသားခဲ့ပါတယ်။
ရွိုင်းဟာ ဆန်းဒါးလန်းမှာ ၁၉၉၉-၂၀၀၀ ရာသီအတွင်း ၂၇ ပွဲ ကစားပြီး တဂိုး သွင်းယူခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ်လည်း ၂၀၁၉ မှာ တာဝန်ယူခဲ့ဖူးပါတယ်။ မိသားစု ကတော့ ဖခင်ရွိုင်းဟာ ကြင်နာမှု၊ သမာသမတ်ကျမှုတွေ ရှိသူပါလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters










