DVB Logo
Home
Lead Story
နယ်နိမိတ်မျဉ်း သတ်မှတ်ခြင်း၊ အိန္ဒိယနဲ့ မြန်မာကြားက မပြီးပြတ်သေးတဲ့ နယ်စပ်အရေး
DVB
·
October 15, 2026
Design: DVB
Design: DVB
Donate to DVB

အိန္ဒိယ-မြန်မာ နယ်စပ်အရေးဟာ အခုတလော ပြန်ပြီး လူပြောများလာပါတယ်။ နယ်စပ်အရေးက အသစ်အဆန်းကြီး ဖြစ်နေလို့တော့ မဟုတ်ပါဘူး။ နယ်နိမိတ်ကို ဘယ်လို တိုင်းတာသတ်မှတ်မလဲ ဆိုတဲ့ကိစ္စကို လူတွေက ပြန်ပြီး စိတ်ဝင်စားလာလို့ပါ။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီးက မြန်မာနဲ့ထိစပ်နေတဲ့ သူတို့ပြည်နယ်ရဲ့ နယ်စပ် ၃၉၈ ကီလိုမီတာအနက်၊ ၅၅ ကီလိုမီတာလောက်ကို ခြံစည်းရိုးခတ်ပြီးပြီလို့ ပြောခဲ့ပါတယ်။ ကျန်တဲ့အပိုင်းတွေ အားလုံးကိုလည်း ၂၀၂၈ ခုနှစ်မှာ အပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ၊ ဇူလိုင်လက The Diplomat သတင်းစာမှာ ဖော်ပြခဲ့တဲ့ မေလ ၂၆ ရက်နေ့စွဲပါ အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတခုကြောင့် နယ်မြေလဲလှယ်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီစာတမ်းမှာ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်က နယ်စပ်မှတ်တိုင် ၆၅ နဲ့ ၆၈ ကြားက မပြေလည်သေးတဲ့ နေရာအကြောင်း ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကဘော်ချိုင့်ဝှမ်းနဲ့ ထိစပ်နေတဲ့ မြေဧရိယာ ၁ ဒသမ ၄ စတုရန်းမိုင် (၃ ဒသမ ၅ စတုရန်းကီလိုမီတာ) လောက်ကို အပြန်အလှန် လဲလှယ်ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ကို အစိုးရဘက်က အတည်ပြု ဆုံးဖြတ်ထားတာတော့ မရှိသေးပါဘူး။ 

ဩဂုတ် ၄ ရက်မှာတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “နယ်စပ်မှာ မပြေလည်သေးတဲ့ နေရာတချို့ ရှိနေသေးတယ်၊ အဲဒီနေရာတွေအတွက် ဆွေးနွေးပွဲတွေ ဆက်လုပ်နေပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေလဲလှယ်မဲ့ ကိစ္စကိုတော့ သူက အတည်မပြုပေးခဲ့ပါဘူး။

ဒီပြဿနာကို သေချာနားလည်ဖို့ဆိုရင် နယ်နိမိတ် ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို အရင်ဆုံး ပြန်ကြည့်ဖို့ လိုပါတယ်။ ၁,၆၄၃ ကီလိုမီတာရှည်တဲ့ နယ်စပ်မျဉ်းဟာ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ်နဲ့ နောက်ပိုင်း နယ်နိမိတ် သတ်မှတ်မှုတွေအရ ပေါ်ပေါက်လာတဲ့ ကိုလိုနီခေတ် အမွေအနှစ်တခု ဖြစ်ပါတယ်။ ၁၈၃၄ ခုနှစ်မှာ ဗြိတိသျှတွေက ကဘော်ချိုင့်ဝှမ်းကို မြန်မာဘုရင်ဆီ ပြန်ပေးခဲ့ပါတယ်။ အဲဒီနောက် မေဂျာအက်ဖ်ဂျေဂရန့်နဲ့ ကပ္ပတိန် ရောဘတ် ဘွိုင်လူး ပမ်ဘာတန်တို့ကို မဏိပူရ-မြန်မာ နယ်နိမိတ်ကို သတ်မှတ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အဲဒီကနေ ပမ်ဘာတန်မျဉ်းဆိုတာ ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့ ဒီလို အဆင့်ဆင့် နယ်နိမိတ် သတ်မှတ်ရာမှာ ဒေသခံတွေရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေး ဆက်နွှယ်မှုတွေကို ထည့်သွင်းစဉ်းစားတာမျိုး အမြဲတမ်း မရှိခဲ့ပါဘူး။ ဒါကြောင့် နာဂ၊ ကူကီးနဲ့ မီဇိုလို တိုင်းရင်းသားတွေဟာ နိုင်ငံတကာ နယ်စပ်မျဉ်းရဲ့ ဟိုဘက်ဒီဘက်မှာ ကွဲကွာပြီး နေထိုင်ခဲ့ကြရပါတယ်။

လွတ်လပ်ရေးရပြီးနောက်မှာတော့ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံဟာ ကိုလိုနီခေတ်က အမွေရခဲ့တဲ့ နယ်နိမိတ်ကို သေသေချာချာ သတ်မှတ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၆၇ ခုနှစ် အိန္ဒိယ-မြန်မာ နယ်နိမိတ် သဘောတူညီချက်အရ ခေတ်သစ် နယ်စပ်မျဉ်းတွေကို သတ်မှတ်ခဲ့ပြီး၊ မြေပြင်မှာ မှတ်တိုင်တွေစိုက်ဖို့ ပူးတွဲ နယ်နိမိတ်ကော်မရှင်တခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကတည်းက နယ်စပ် ၁,၄၇၂ ကီလိုမီတာလောက်ကို မှတ်တိုင်တွေနဲ့ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ ၁၇၁ ကီလိုမီတာလောက်ကတော့ အခုထိ မပြီးပြတ်သေးပါဘူး။ ဒါကြောင့် အခု ငြင်းခုံနေကြတာက နယ်စပ်မျဉ်း တခုလုံးကို အစကနေ ပြန်ဆွဲဖို့ မဟုတ်ပါဘူး။ မြေပြင်မှာ သေချာ မသတ်မှတ်ရသေးတဲ့ နေရာလေးတွေကို ဖြေရှင်းဖို့ကိစ္စသာ ဖြစ်ပါတယ်။

နယ်နိမိတ် သတ်မှတ်ဖို့ အရေးတကြီး လိုအပ်လာခြင်း

နယ်နိမိတ်တွေ ပြန်သတ်မှတ်ဖို့ တွန်းအားပေးလာတဲ့ကိစ္စကို နားလည်ဖို့ဆိုရင်၊ အရှေ့ဘက် မြန်မာနယ်စပ်နဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ မူဝါဒတွေ ဘယ်လောက်အထိ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားလဲဆိုတာ ကြည့်ဖို့လိုပါတယ်။ ဒီနယ်စပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင် လုံခြုံရေးကို ဂရုစိုက်ရင်းနဲ့ပဲ၊ ဒေသခံတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးအရ အပြန်အလှန် ဝင်ထွက်သွားလာလို့ရတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ မြန်မာပြည်တွင်းက ပဋိပက္ခတွေ ပိုပြင်းထန်လာတာ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေ ဝင်ရောက်လာတာ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ ကြီးထွားလာတာတွေကြောင့် အိန္ဒိယအနေနဲ့ နယ်စပ်ကို သေသေချာချာ ထိန်းချုပ်နိုင်ဖို့ ပိုပြီး စိုးရိမ်လာရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နယ်စပ် အခြေခံအဆောက်အအုံတွေ တည်ဆောက်တာဟာ အိန္ဒိယရဲ့ လုံခြုံရေးမူဝါဒမှာ အဓိကကျလာပါတယ်။ အိန္ဒိယဟာ ၁,၆၄၃ ကီလိုမီတာရှည်တဲ့ နယ်စပ်က သတ်မှတ်ထားတဲ့ နေရာတွေမှာ ခြံစည်းရိုးခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေသလို၊ ကင်းလှည့်တာနဲ့ စောင့်ကြည့်တာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ မပြီးပြတ်သေးတဲ့ နယ်စပ်မျဉ်းတွေက လက်တွေ့မှာ အခက်အခဲတွေ ဖြစ်စေပါတယ်။ နယ်နိမိတ် မသတ်မှတ်ရသေးတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ အခိုင်အမာဆောက်ဖို့ အတော်လေး ရှုပ်ထွေးပါတယ်။ ဒါကြောင့် နယ်နိမိတ် သတ်မှတ်တယ်ဆိုတာ မြေပုံဆွဲရုံသက်သက် မဟုတ်တော့ပါဘူး။ နယ်စပ်ဒေသကို စနစ်တကျ စီမံခန့်ခွဲရာမှာ အရေးပါတဲ့ အရာတခု ဖြစ်လာပါတယ်။

လုံခြုံရေး အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ သူပုန်ထမှုတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးမှုတွေ၊ တခြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလည်း ပိုများလာပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသကို မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ဆက်သွယ်ပေးထားသလို၊ အရှေ့ဘက်က ကျယ်ပြန့်တဲ့ ရွှေတြိဂံဒေသကြီးနဲ့လည်း ချိတ်ဆက်နေပါတယ်။ နယ်နိမိတ် မသတ်မှတ်ရသေးတဲ့ နေရာတွေဟာ နှစ်နိုင်ငံစလုံးအတွက် စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှုပ်ထွေးစေပါတယ်။ နယူးဒေလီ အနေနဲ့ ပြောရရင် တိကျတဲ့ နယ်နိမိတ်မျဉ်းတွေ ရှိမှသာ ခြံစည်းရိုးခတ်တာ၊ ကင်းလှည့်တာနဲ့ အဝင်အထွက် စောင့်ကြည့်တာတွေကို ဥပဒေနဲ့အညီ စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် သွားလာခွင့် (FMR) ပြဿနာ

နယ်နိမိတ် သတ်မှတ်ရေး ငြင်းခုံမှုတွေဟာ နယ်စပ်ဖြတ်ကျော် လွတ်လပ်စွာ သွားလာခွင့် (FMR) ကို ရပ်ဆိုင်းဖို့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ၁၉၆၈ ခုနှစ်ကတည်းက ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တရားဝင်ပြဋ္ဌာန်းခဲ့တဲ့ FMR ဟာ အိန္ဒိယ-မြန်မာ နယ်စပ်က ထူးခြားတဲ့ လူမှုရေးနဲ့ တိုင်းရင်းသား ဆက်နွှယ်မှုတွေကို အသိအမှတ်ပြု ဖန်တီးပေးထားတာပါ။ နယ်စပ် ဟိုဘက်ဒီဘက်မှာရှိတဲ့ ဒေသခံတွေဟာ မိသားစု၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးအရ နှစ်ပေါင်းများစွာ ဆက်နွှယ်နေကြတာပါ။ အရင် အစီအစဉ်ဟောင်းအရဆိုရင် နယ်စပ်အနီးမှာ နေထိုင်သူတွေဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဗီဇာ၊ ပတ်စပို့တွေ မလိုဘဲ တဖက်နိုင်ငံထဲကို ၁၆ ကီလိုမီတာအထိ ဝင်ထွက်သွားလာခွင့် ရခဲ့ပါတယ်။

ဒီအစီအစဉ်က ကိုလိုနီခေတ် နယ်စပ်မျဉ်းတွေ ဖျောက်ဖျက်လို့မရတဲ့ လက်တွေ့အခြေအနေ တခုကို ထင်ဟပ်နေတာပါ။ နာဂ၊ ကူကီးနဲ့ မီဇို စတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံတကာ နယ်စပ်မျဉ်းဆိုပြီး ဖြစ်မလာခင်ကတည်းက လူမှုရေး၊ မိသားစုနဲ့ စီးပွားရေးအရ ဆက်နွှယ်မှုတွေ ရှိခဲ့ကြတာပါ။ ဒါကြောင့် သူတို့အတွက် နယ်စပ်ဆိုတာ နိုင်ငံနှစ်ခုကို ပိုင်းခြားထားတဲ့ မျဉ်းတကြောင်း သက်သက် မဟုတ်ပါဘူး။ ဒေသခံတွေအတွက်တော့ အသက်မွေးဝမ်းကျောင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဆွေမျိုးပေါက်ဖော်နဲ့ အိမ်ထောင်ဘက်တွေ ရှာဖွေရာမှာ အပြန်အလှန် မျှဝေခံစားကြတဲ့ နေရာလေးတခု ဖြစ်ပါတယ်။

မကြာသေးခင် နှစ်တွေအတွင်းမှာတော့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်နဲ့ ပတ်သက်ပြီး နယူးဒေလီရဲ့ လုံခြုံရေး စိုးရိမ်မှုတွေ ပိုကြီးထွားလာပါတယ်။ မြန်မာနိုင်ငံမှာ လုံခြုံရေး အခြေအနေတွေ ဆိုးရွားလာတာနဲ့ မြန်မာနိုင်ငံသားတွေ အလုံးအရင်း ဝင်ရောက်လာတာကို စိုးရိမ်တာကြောင့် ၂၀၂၂ ခုနှစ်ကစလို့ မဏိပူရ နယ်စပ်မှာ သွားလာခွင့် (FMR) ကို ရပ်ဆိုင်းခဲ့ပြီး အဝင်အထွက်တွေကို တင်းကျပ်ခဲ့ပါတယ်။ ဟာလာဟင်းလင်း ဖြစ်နေတဲ့ နယ်စပ်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ အဓိက လမ်းကြောင်းကြီးတွေ ဖြစ်နေတာကလည်း နယူးဒေလီရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို ပိုဆိုးသွားစေပါတယ်။

ပြည်တွင်းလုံခြုံရေးနဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေရဲ့ လူဦးရေ ဖွဲ့စည်းပုံကို ထိန်းသိမ်းဖို့ အကြောင်းပြပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ သွားလာခွင့် (FMR) ကို ဖျက်သိမ်းဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအစီအစဉ်ကို တရားဝင် ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေ လုပ်နေတုန်းမှာပဲ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒါကို ချက်ချင်း ရပ်ဆိုင်းဖို့လည်း အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်တလျှောက်က မိသားစု ဆွေမျိုးဆက်စပ်မှုတွေကို ထောက်ထားပြီး၊ အိန္ဒိယ ဗဟိုအစိုးရက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ပိုတင်းကျပ်တဲ့ စည်းမျဉ်းအသစ်ကို အစားထိုး ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီစည်းမျဉ်းအရ သတ်မှတ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ ဇီဝအချက်အလက် (Biometric) စစ်ဆေးပြီး ဒေသခံတွေကို နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေ ထုတ်ပေးမှာဖြစ်ပြီး၊ ၁၀ ကီလိုမီတာ အကွာအဝေးအတွင်းပဲ သွားလာခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် နယ်စပ်ခြံစည်းရိုးခတ်တာဟာ အိန္ဒိယအစိုးရရဲ့ နယ်စပ် စီမံခန့်ခွဲရေးမှာ အဓိက အရေးပါတဲ့ အရာတခု ဖြစ်လာပါတယ်။ သမိုင်းတလျှောက် လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ရတဲ့ နယ်စပ်ကို အခုလို ပိုပြီး စည်းကမ်းတင်းကျပ်တဲ့ စနစ်ဆီ ပြောင်းလဲလိုက်တာဟာ အိန္ဒိယရဲ့ မူဝါဒ အပြောင်းအလဲကြီးတခုပါပဲ။ ဒီလို သွားလာခွင့်တွေကို ပိုပြီးထိန်းချုပ်တာ၊ မြေပြင်မှာ နယ်စပ် အစောင့်အရှောက်တွေ ပိုချထားတာတွေ လုပ်လာတဲ့အတွက် နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ သတ်မှတ်ဖို့ဆိုတာ ပိုပြီး အရေးတကြီး လိုအပ်လာပါတယ်။

တချိန်တည်းမှာပဲ၊ FMR ကို ဖျက်သိမ်းလိုက်ရုံနဲ့ နယ်စပ်ကိစ္စကြောင့် ဖြစ်လာမဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ဘာသာရေး၊ ဆေးကုသရေးနဲ့ မိသားစုအရေး ကိစ္စတွေအတွက် နယ်စပ်ဖြတ်ကျော် သွားလာလေ့ရှိတဲ့ ဒေသခံတွေအတွက်တော့ ကုန်ကျစရိတ်တွေ ပိုများလာပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတားအဆီးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ နယ်စပ်စီမံခန့်ခွဲရေး မူဝါဒတခု ဖြစ်လာဖို့ဆိုရင် လုံခြုံရေး လိုအပ်ချက်တွေနဲ့ နယ်စပ်ဒေသခံတွေရဲ့ တရားဝင် အကျိုးစီးပွားတွေကြားမှာ ဟန်ချက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

နယ်မြေလဲလှယ်ဖို့ စဉ်းစားနေပြီလား

မောလ်ချန်ဒေသမှာ လုပ်ဆောင်ဖို့ အဆိုပြုထားတဲ့ အစီအစဉ်တွေကြောင့် နယ်မြေ အပြန်အလှန် လဲလှယ်နိုင်ခြေ ရှိတယ်ဆိုတဲ့ ကိစ္စက အတော်လေး လူစိတ်ဝင်စားခံနေရပါတယ်။ သတင်းတွေအရ နယ်စပ်မှတ်တိုင် ၆၅ နဲ့ ၆၈ ကြားက အငြင်းပွားနေတဲ့ နေရာမှာ ၁ ဒသမ ၄ စတုရန်းမိုင်လောက်ရှိတဲ့ နယ်မြေတွေကို အပြန်အလှန်လဲလှယ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လေ့လာဆန်းစစ်နေတဲ့ အဆိုပြုချက်တခုနဲ့ တရားဝင် သဘောတူထားတဲ့ နယ်မြေအပေးအယူ ဆိုတာကိုတော့ ခွဲခြားသိမြင်ဖို့ အရေးကြီးပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီအဆိုပြုချက်ဟာ ခက်ခဲနေတဲ့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတခုအနေနဲ့ စဉ်းစားနေတာသာ ဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ နယ်မြေလွှဲပြောင်းပေးဖို့ သဘောတူလိုက်ပြီလို့ ဆိုလိုတာ မဟုတ်သလို၊ အပြီးသတ် နယ်မြေလဲလှယ်ဖို့ အစိုးရရဲ့ ခွင့်ပြုချက် ရထားပြီလို့ ပြောလို့မရသေးပါဘူး။

နယ်မြေလဲလှယ်ဖို့ စဉ်းစားရတဲ့ အဓိက အကြောင်းရင်းကတော့ လက်တွေ့ကျကျ ဖြေရှင်းချင်လို့ပါ။ လက်ရှိ နယ်စပ်မျဉ်းတွေက မြေပြင်မှာ အလုပ်မဖြစ်ဘူး ဒါမှမဟုတ် အငြင်းပွားစရာတွေ ဖြစ်နေမယ်ဆိုရင်၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြင်ဆင်တာဟာ ပိုပြီး ရှင်းလင်းလွယ်ကူတဲ့ နယ်စပ်မျဉ်းတခုကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြင်ဆင်မှုမျိုးဟာ ဥပဒေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အများကြီး ဂယက်ရိုက်သွားနိုင်သလို၊ ဒေသခံတွေနဲ့ သူတို့ ဓလေ့ထုံးတမ်းအရ သုံးစွဲနေတဲ့ မြေယာတွေအပေါ်ကိုလည်း တိုက်ရိုက် သက်ရောက်မှု ရှိသွားစေမှာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ ရွာတွေ၊ စိုက်ပျိုးမြေတွေနဲ့ သမားရိုးကျ မြေအသုံးချမှုတွေ ထိခိုက်နစ်နာသွားမှာကို အခုကတည်းက စိုးရိမ်ပူပန်နေကြပါတယ်။

နယ်မြေလဲလှယ်မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

၂၀၁၅ ခုနှစ်က အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်မြေလဲလှယ်ရေး သဘောတူညီချက် (LBA) မှာ အိန္ဒိယဟာ ညှိနှိုင်းမှုနဲ့ နယ်မြေလဲလှယ်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက နှစ်နိုင်ငံကြားမှာ ကြားညှပ်နေတဲ့ နယ်မြေတွေကို လဲလှယ်ခဲ့ပြီး ကျန်နေတဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းခဲ့တာပါ။ ဒါကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၅ ခုနှစ် အခြေခံဥပဒေ (အကြိမ် ၁၀၀ မြောက် ပြင်ဆင်ချက်) ဥပဒေကို ပြဋ္ဌာန်းခဲ့ရပါတယ်။ ဒါကိုကြည့်ရင် အချုပ်အခြာအာဏာပိုင်တဲ့ နယ်မြေတွေကို လွှဲပြောင်းပေးဖို့ဆိုတာ အစိုးရနှစ်ရပ် သဘောတူလိုက်ရုံနဲ့ မရဘူးဆိုတာကို ပြသနေပါတယ်။

အိန္ဒိယ-မြန်မာ နယ်မြေလဲလှယ်ရေးမှာလည်း ဒီလိုပဲ လုပ်ဆောင်ရဖို့ များပါတယ်။ လဲလှယ်မဲ့ နေရာတွေကို ပူးပေါင်းကွင်းဆင်း တိုင်းတာတာ၊ တိကျတဲ့ နယ်နိမိတ်တွေ သတ်မှတ်တာတွေ အရင်လုပ်ရပါမယ်။ အဲဒီနောက်မှာ အသစ်ပြင်ဆင်လိုက်တဲ့ နယ်စပ်မျဉ်း၊ မှတ်တိုင်တွေနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို တရားဝင် နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ထိုးရမှာပါ။ ၁၉၆၀ ပြည့်နှစ်က ဘီရူဘာရီအမှုစီရင်ချက်အရဆိုရင်၊ အိန္ဒိယပိုင်နက်ကို လွှဲပြောင်းပေးမဲ့ ဘယ်လိုအဆိုပြုချက်မဆို သာမန် ဥပဒေပြုတာ ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းက အမိန့်ထုတ်ရုံနဲ့ မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့် ပုဒ်မ ၃၆၈ အရ သွားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ မြေပြင်မှာ အကောင်အထည်ဖော်ရမှာပါ။ နယ်စပ်မှတ်တိုင်တွေ နေရာရွှေ့တာ ဒါမှမဟုတ် အသစ်စိုက်ထူတာ၊ မြေပုံတွေနဲ့ မြေယာမှတ်တမ်းတွေကို အသစ်ပြန်ပြင်တာတွေ လုပ်ရပါမယ်။ ဒါ့အပြင် ထိခိုက်နစ်နာမဲ့ ဒေသခံတွေရဲ့ အခြေအနေ (ဥပမာ- သူတို့ရဲ့ နေထိုင်ခွင့်၊ မြေယာနဲ့ ပိုင်ဆိုင်မှု အခွင့်အရေး၊ စာရွက်စာတမ်း အထောက်အထားတွေ) ကို သတ်မှတ်ပေးရမှာ ဖြစ်သလို၊ လိုအပ်ရင် လျော်ကြေးပေးတာ ဒါမှမဟုတ် ပြန်လည်နေရာချထားပေးတာတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကြီးတခုလုံးရဲ့ အဓိကအချက်က မဟာဗျူဟာမြောက် နယ်စပ် စီမံခန့်ခွဲရေးနဲ့ နယ်စပ်တလျှောက် နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အခွင့်အရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေကြားမှာ ဟန်ချက်ညီအောင် ညှိနှိုင်းပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြီးမားဆုံး စိန်ခေါ်မှုကတော့ နယ်စပ်ဖြတ်ကျော်ပြီး နှစ်ပေါင်းများစွာ အခြေချနေထိုင်လာကြတဲ့ ဒေသခံတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားပေးရင်းနဲ့ပဲ၊ နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ လုံခြုံအောင် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။

သီရိပါနာ ဘန်နာဂျီ

Ref: Eurasia Review

(Eurasia Review ဝက်ဘ်ဆိုက်တွင် မဟာဗျူဟာလေ့လာရေး အစီအစဉ်၏ တွဲဖက်သုတေသီ Sreeparna Banerjee ရေးသားထားသည့် “Drawing The Line: India And Myanmar’s Unfinished Border” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013