DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပေးရန် ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရှေ့ ဆန္ဒပြတိုက်တွန်း
သုတချမ်းသာ
·
September 4, 2026
Photo: Anti Dictatorship in Burma - DC Metro Area
Photo: Anti Dictatorship in Burma - DC Metro Area
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း  ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရက ထောက်ခံပေးဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ဒေသစံတော်ချိန် စက်တင်ဘာ ၃ ရက်က အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီ၊ တော်ဝင်ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တယောက်တည်းသောသူ ဖြစ်တဲ့အတွက် ထိုင်းအစိုးရကို အခုလို မေတ္တာရပ်ခံတာလို့ ဆိုပါတယ်။

တော်ဝင်ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဘက်က ရပ်ခံပေးခြင်းအားဖြင့် နှစ်နိုင်ငံအနာဂတ် ရေရှည်အကျိုးစီးပွားကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဖော်ပြပြီး ထိုင်းဝန်ကြီးချုပ် အနုထင်းဆီ လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း မြန်မာ့အရေး ဆောင်ရွက်သူတွေက ထိုင်းသံရုံးကို ပေးအပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အလွန် ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးရဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ဟာလည်း ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာတွေအတွက် ကြီးမားတဲ့ဖိအား ဖြစ်ခဲ့ပါတယ်။

စစ်အာဏာရှင်ရဲ့ မတရားအုပ်ချုပ်မှု၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ဖမ်းဆီးအကျဉ်းချ သတ်ဖြတ်တာတွေ ခံရနိုင်တဲ့အတွက် မြန်မာပြည်သူတွေကို နိုင်ငံအတွင်း ဖိအားပေးပြီး ပြန်မပို့ဖို့လည်း မြန်မာ့အရေး ဆောင်ရွက်သူတွေက မေတ္တာရပ်ခံပါတယ်။

Save Myanmar-USA အဖွဲ့မှ ဦးရင်အေးက “ဒါနဲ့ဆို ၃ ကြိမ်ရှိပြီပေါ့။ ထိုင်းက သူ့ရဲ့ ပေါ်လစီ ပြောင်းဖို့လုပ်နေတယ်။ မင်းအောင်လှိုင်ကို ပြန်ပြီးအသိအမှတ်ပြုဖို့ လုပ်နေတဲ့ အချိန်ကတည်းက စပြီး ကျနော်တို့ ထိုင်းသံရုံးကိုလာပြီး မေတ္တာရပ်ခံခဲ့တယ်၊ တောင်းဆိုခဲ့တယ်။ အဓိကကတော့ မင်းအောင်လှိုင်ကို အသိအမှတ်မပြုဖို့ပေါ့နော်။ ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို ဖိတ်တဲ့အပြင်ကို နိုင်ငံတော်အဆင့်နဲ့ ကြိုဆိုခဲ့တာတွေ ရှိတယ်၊ အာဆီယံထဲကို အတင်းထိုးသွင်းဖို့ လုပ်တာတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လှုပ်ရှားမှုအရှိန်ကို တဖြည်းဖြည်းနဲ့ မြှင့်လာတာပေါ့နော်။ ဒီနေ့ဆိုရင် Part of the Global campaign ပေါ့။ စက်တင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ တကမ္ဘာလုံးမှာရှိတဲ့ ထိုင်းသံရုံးတွေရှေ့မှာ အားလုံးတောင်းဆိုကြမယ်။ ထုတ်ပြန်ချက်ကလည်း တစောင်တည်းထုတ်ပြီး ပေးပို့တယ်။ စစ်ကောင်စီနဲ့ ပတ်သက်နေတာတွေ ရှေ့ဆက်မတိုးဖို့၊ ရပ်တန်းကရပ်ဖို့ တောင်းဆိုတယ်။ တကယ်လို့ ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာလည်း တကမ္ဘာလုံးမှာ အရှိန်မြှင့်လာမယ်ဆိုတာ သတင်းစကား လာပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝါရှင်တန်ဒီစီရောက် မြန်မာတွေက စစ်ခေါင်းဆောင်ကို ထိုင်းဝန်ကြီးချုပ် အနုထင်း ဖိတ်ခေါ်တွေ့ဆုံမှု မလုပ်ခင် ဇူလိုင် ၃၁ ရက်မှာ တွေ့ဆုံမဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းသံရုံးကို ပထမအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း ဩဂုတ် ၁၅ ရက်နေ့မှာ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

ပြည်တွင်းမှာ မတရား အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်နေပြီး အဖွဲ့ဝင်နိုင်ငံတွေကို မလေးစားတဲ့သဘော သက်ရောက်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ဝေဖန်ထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013