
အိန္ဒိယနဲ့ တောင်ကိုရီးယားတို့ဟာ စွမ်းအင်၊ အရေးကြီးတဲ့ သတ္တုတွေ၊ သင်္ဘောတည်ဆောက်ရေး၊ တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ သံမဏိကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်မယ်လို့ ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိရောက်အောင် နှစ်ဆတိုးဖို့ ကြိုးပမ်းနေကြတာပါ။
နှစ်နိုင်ငံအစိုးရတွေဟာ ၂၀၁၀ ကုန်သွယ်ရေး သဘောတူညီချက်အတွက် စွမ်းအင်အသစ်တွေ ပေးနိုင်ရေး ဆွေးနွေးပွဲတွေကို ပြန်စဖို့နဲ့ အရှိန်မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယက ကုန်သွယ်မှုကို ပိုဟန်ချက်ညီစေချင်ပြီး တောင်ကိုရီးယားက ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေတဲ့ အဓိကစီးပွားရေးနိုင်ငံအဖြစ် ဈေးကွက်ပိုဝင်ချင်နေတာပါ။
၈ နှစ်အတွင်း တောင်ကိုရီးယားသမ္မတရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်ဟာ ၃ ရက်ကြာ ခရီးစဉ်အတွက် အိန္ဒိယကို ရောက်နေတာပါ။
“မျှဝေတိုးတက်မှုအတွက် အင်ဂျင်အသစ်တခု ဖန်တီးဖို့ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင်ကို အဆင့်မြှင့်တင်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ လီက အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နှစ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးအဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ တရပ် ကို ဖွဲ့စည်းခဲ့တယ်လို့ လီက ပြောပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံတွေ၊ သန့်ရှင်းတဲ့ စွမ်းအင်အပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တို့လို နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်မယ်လို့လည်း ဖြည့်ပြောခဲ့ ကြပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အထောက်အပံ့တွေ လျော့ကျလာတာနဲ့အမျှ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့ဟာ စွမ်းအင်အရင်းအမြစ်တွေနဲ့ နက်ဖ်သာလို အဓိကကုန်ကြမ်းပစ္စည်းတွေကို တည်တည်ငြိမ်ငြိမ် ထောက်ပံ့နိုင်စေဖို့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လီက ထပ်ပြော ပါတယ်။
လီရဲ့ခရီးစဉ်ဟာ အလွန်အရေးပါပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကို လက်ရှိဒေါ်လာ ၂၇ ဘီလီယံလောက် ကနေ ၂၀၃၀ ပြည့်နှစ်မှာ ဒေါ်လာ ၅၀ ဘီလီယံအထိ မြှင့်တင်ဖို့ နှစ်နိုင်ငံစလုံးက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်လို့ မိုဒီက ပြောပါတယ်။
Source:Reuters










