
စက်သုံးဆီပြတ်လပ်နေတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တော်တော်များများ ဟာ ညနေ ၄ နာရီကစပြီး ယာယီပိတ်ထားတယ်လို့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရ ပါတယ်။
အငှားယာဉ်မောင်းတယောက်က “တရက်မှ ၁၅ လီတာလောက်ပဲ ရတာ။ တကယ်တမ်းမောင်းရင် အဲဒီဆီက မလောက်ဘူး။ ကိုယ်တွေက တက္ကစီမောင်းတာလေ။ စောစောစီးစီး ထတန်းစီတာတောင် အရှေ့မှာ ကားတွေက အများကြီး။ ညနေလောက်ကျ ထပ်တန်းစီတော့လည်း ဆီမရှိတော့လို့ဆိုပြီး ဆိုင်တွေ ပိတ်ထားတယ်။ အဲဒီတော့ အလုပ်လုပ်စားမနေတော့ဘူး” လို့ ပြောပါတယ်။
စက်သုံးဆီကို ယာဉ်အမျိုးအစားလိုက် တရက်မှာ တကြိမ်သာ ရောင်းချပေးနေပေမဲ့ ဆီလုံလောက်မှု မရှိဘူးလို့ စက်သုံးဆီအရောင်းဆိုင်တွေက ပြောပါတယ်။
သီလဝါဆိပ်ကမ်းက ခွဲတန်းချပေးထားတဲ့ ဆီတွေကို ထုတ်မပေးတာကြောင့် အခက်အခဲ ဖြစ်ပေါ် နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီက စက်သုံးဆီ လုံလောက်မှု ရှိတယ်လို့ ပြောကြားထားပေမဲ့ မြေပြင်မှာတော့ စက်သုံးဆီ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ဆီမလုံလောက်တာကြောင့် လုပ်ငန်း ဆောင်ရွက်မှုတွေ ထိခိုက်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။










