မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ဟာ အတ္တလန္တိတ်သမုဒ္ဒရာ ဖြတ်ကျော် မဟာမိတ်အဖွဲ့တခုအဖြစ် ခိုင်ခိုင်မာမာ ဆက်ရှိနေချင်ရင် ဥရောပဟာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ပိုတာဝန်ယူဖို့ လိုတယ်လို့ ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်ချ် မားဇ်က ဇူလိုင် ၁ ရက်မှာ ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံက စစ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ပြီး NATO ရဲ့ ကာကွယ်ရေးပစ်မှတ် အသစ်ကို နှစ်ပေါင်းကြာရှည် ကြိုတင်ဖြည့်ဆည်းပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်မိတ်ဖက်ပြုတာ ဆက်ရှိနေရေးအတွက် NATO ဟာ ဥရောပတိုက်ကြီးကို ကာကွယ်ဖို့ အဓိကကျတဲ့ ဘဏ္ဍာရေး၊ စစ်ရေးနဲ့ ခေါင်းဆောင်မှုတာဝန်ကို ယူရမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအပေါ် ဆယ်စုနှစ်များစွာ မှီခိုအားထားမှုကို လျှော့ချရမယ်လို့လည်း မားဇ်က ပြောပါတယ်။
“မကြာသေးမီနှစ်တွေအတွင်း ကျနော်တို့ရဲ့ လုံခြုံရေးအတွက် နည်းနည်းပဲ လုပ်ခဲ့တယ်။ ခုတော့ ကျနော်တို့က အဲဒီအတွက် ပြန်ဖြည့်ဆည်းပေးနေပါတယ်” လို့ မားဇ်က ဆက်ပြောပါတယ်။
သူ့ရဲ့မှတ်ချက်တွေဟာ NATO အဖွဲ့ဝင်တွေအပေါ် စစ်ရေးအသုံးစရိတ်တိုးဖို့နဲ့ အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုမှုကို လျှော့ချဖို့ ဖိအားတွေ တိုးလာနေချိန်မှာ ဥရောပရဲ့ ကာကွယ်ရေးစွမ်းရည်တွေ အားကောင်းစေဖို့ ဂျာမနီရဲ့ တွန်းအားပေးမှုကို ပေါ်လွင်စေပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၂၉ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်မှာပါ။
မဟာမိတ်အဖွဲ့တခုလုံးရဲ့ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ပြီးခဲ့တဲ့နှစ်က နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ NATO ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ပစ်မှတ်ကို ပြည့်မီလိမ့်မယ်လို့ မားဇ်က ပြောပါတယ်။
မားဇ်နဲ့အတူ မိန့်ခွန်းပြောရာမှာ NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရူတေက အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့နိုင်ငံအဖြစ် ဆက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










