DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ကလေးငယ် ၂၀၀ နီးပါး သေဆုံးစေခဲ့သည့် အစာငတ်ခံခိုင်းသူကို အပြစ်ရှိကြောင်း ဆုံးဖြတ်
DVB
·
October 20, 2026
Photo: REUTERS/Laban Walloga
Photo: REUTERS/Laban Walloga
Donate to DVB

ကင်ညာနိုင်ငံမှာ အစာငတ်ခံခိုင်းတဲ့ ဂိုဏ်းတခုရဲ့ ခေါင်းဆောင် ပေါလ် မက်ကန်ဇီနဲ့ သူ့ဇနီး အပါအဝင် တခြားသူ အယောက် ၃၀ လောက်ကို လူသတ်မှုအတွက် ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက အောက်တိုဘာ ၁၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့ဟာ ကလေးငယ် အယောက် ၁၉၀ နဲ့ လူကြီးတယောက် သေဆုံးမှုအတွက် တာဝန်ရှိသူတွေ ဖြစ်ကြပြီး ဒီဖြစ်ရပ်ဟာ မကြာသေးမီကာလက ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်တွေထဲက တခုဖြစ်ပါတယ်‌။

မက်ကန်ဇီ အပါအဝင် သူနဲ့အတူ စွပ်စွဲခံထားရသူတွေကို နိုဝင်ဘာ ၆ ရက်မှာ ပြစ်ဒဏ်ချမှတ်မှာပါ။

ရဲတပ်ဖွဲ့ဆီ သတင်းပေးပို့ချက် ရောက်လာပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာ မက်ကန်ဇီကို ဖမ်းဆီးခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အာဏာပိုင်တွေက ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းနားက ရှာခါဟိုလာ သစ်တောအတွင်း အနက်တိမ်တဲ့ မြေမြှုပ်ရာနေရာတွေကနေ အလောင်းတွေကို စတွေ့ခဲ့ပါတယ်။

မက်ကန်ဇီနဲ့ သူ့ရဲ့ သတင်းကောင်း နိုင်ငံတကာ ခရစ်ယာန် ဘုရားကျောင်းအဖွဲ့က ခရစ်ယာန်ဘာသာအခြေပြု ကမ္ဘာပျက်မဲ့အကြောင်း ဟောပြောတဲ့ ဂိုဏ်းတခုကို ဖွဲ့စည်းခဲ့တယ်လို့ တရားလိုရှေ့နေတွေက ပြောပါတယ်။

သူတို့က နောက်လိုက်တွေကို ကမ္ဘာမပျက်မီ ကောင်းကင်ဘုံဆီ ရောက်ဖို့ မိမိကိုယ်ကိုရော ကလေးတွေကိုပါ အစာငတ်ခံပြီး သေဆုံးစေဖို့ ညွှန်ကြားခဲ့ပါတယ်။

မက်ကန်ဇီက လူသတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သေဆုံးသူတွေ အစာငတ်ခံဖို့ အတင်းအကျပ် မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ တရားရုံးက သူ့ရဲ့ ခုခံချေပချက်ကို ပယ်ချခဲ့ပါတယ်။

ရှာခါဟိုလာ သစ်တောထဲကနေ အလောင်း စုစုပေါင်း ၄၀၀ ကျော်ကို ရှာတွေ့ခဲ့တာပါ။

အလောင်းအများစုက ဆိုးဆိုးရွားရွား ပုပ်ပွနေခဲ့ပြီး ၂၆ လောင်းကိုသာ ဘယ်သူဆိုတာ ခွဲခြားသိရှိနိုင်ခဲ့ပါတယ်။

တနင်္လာနေ့က ချမှတ်ခဲ့တဲ့ စီရင်ချက်က သေဆုံးမှု ၁၉၁ ခုနဲ့ သက်ဆိုင်ပြီး တခြားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013