
ချီလီနိုင်ငံ၊ အန်းသိုဖာဂါစ်သာဒေသ တိုခိုပီယာခရိုင်မှာ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံလိုက်ရပြီး မြေပြိုလို့ ဒေသတွင်း ကပ်ဘေးသင့်အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဟိုဆေးအန်သိုနီယိုကတ်စ်က ဩဂုတ် ၁၈ ရက်မှာ ကြေညာပါတယ်။
ဒီအရေးပေါ်အခြေအနေကို ရင်ဆိုင်ဖို့ လူအင်အား၊ ပစ္စည်းအင်အား အားလုံးကို ထုတ်သုံးသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သမ္မတက X လူမှုကွန်ရက်မှာ ရေးပါတယ်။
တိုကိုပီယာမြို့ဟာ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ မြို့နယ်တွေထဲက တခု ဖြစ်ပါတယ်။
အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တိုကိုပီယာမြို့မှာ လမ်းတွေ ရေလျှံကာ ပျက်စီးသွားပြီး မော်တော်ယာဉ်တွေပါ ရေစီးနဲ့ မျောပါသွားခဲ့သလို တာတားလ်မြို့နယ်ထဲက ပါပိုဆို ကမ်းရိုးတန်းကျေးရွာမှာလည်း တောင်ကြားရေလျှံပြီး မြေပြိုခဲ့တာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်း ကြဖို့ ချီလီ အမျိုးသားဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအဖွဲ့က ဩဂုတ် ၁၈ ရက်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ပါပိုဆိုကျေးရွာမှာ နေအိမ်တွေထဲ ရွှံ့နွံတွေ ဝင်ရောက် ပျက်စီးခဲ့လို့ စက်ယန္တရားကြီးတွေနဲ့ လမ်းရှင်းလင်းရေး လုပ်နေကြရပါတယ်။
မြေပြိုမှုတွေက အောက်ကို ထပ်ဆင်းလာပြီး အိမ်တွေကို မျောပါသွားမှာ ဒါမှမဟုတ် လူကိုပါ မျောပါသွားမှာကို အစိုးရိမ်ရဆုံးပါလို့ ဒေသခံ ဟိုသေ ဂူသီယဲရက်စ် မိုရားလက်စ်က ပြောပါတယ်။
လက်ရှိမှာတော့ ချီလီ အမျိုးသားဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအဖွဲ့ကလည်း ဒီလို ရာသီဥတု ပြင်းထန်မှုကြောင့် အန်းသိုဖာဂါစသာ၊ တာတားလ်၊ မယ်ဟီယိုးနက်စ်နဲ့ တိုကိုပီယာ မြို့နယ်တွေအတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters











