
ယူကရိန်းအရှေ့မြောက်ပိုင်းရှိ ဆူမီမြို့က မူကြိုကျောင်းတကျောင်းကို မေ ၆ ရက်မှာ ရုရှားက ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယာယီမြို့တော်ဝန် အာရ်တမ်ကော့ဘ်ဇာက ပြောပါတယ်။
သေဆုံးသူဟာ မူကြိုကျောင်းရဲ့ လုံခြုံရေးအစောင့်တယောက်ဖြစ်ပြီး တိုက်ခိုက်ခံရချိန်မှာ ကလေးတွေရှိမနေဘူးလို့ ဆူမီ ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ အိုလေး ဟရိုင်ဟိုရော့ဗ် က ပြောပါတယ်။ မူကြိုကျောင်းကို ဒရုန်း တိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက် ရှိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မီးသတ်ဆေးဘူးတွေနဲ့ အဆောက်အအုံထဲ ပြေးဝင်သွားကြပြီး ဒဏ်ရာရသူတယောက်ကို ထမ်းစင်နဲ့ ရွှေ့ပြောင်းပေးတာနဲ့ အပျက်အစီးတွေကြားထဲက သေဆုံးသူ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနေတာကို ရုပ်သံတွေမှာ တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဇီလန်းစကီးက ရုရှားဟာ ယူကရိန်းဘက်က အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးကို လျစ်လျူရှုထားပြီး အခုလို တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်နေတာဟာ ငြိမ်းချမ်းရေးကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်လိုက်တာပဲလို့ ပြောပါတယ်။
ရုရှားဟာ စစ်မြေပြင်ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ ဆက်လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တဖက်သတ် အပစ်ရပ်ကြေညာထားပေမဲ့ ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ နှစ်ဖက်စလုံးဟာ ဗုဒ္ဓဟူးနေ့က နေရာအနှံ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ရုရှားတပ်တွေဟာ နေရာအနှံက ယူကရိန်းဒရုန်း ၄၆ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌနာက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ ဇာပိုရစ်ရှားဒေသရှိ မြို့အုပ်ချုပ်ရေးအဆောက်အအုံကိုလည်း ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ အီနာဂိုဒါရှိရုရှားခန့်မြို့တော်ဝန်က ပြောပါတယ်။
ယူကရိန်းအစိုးရဟာ အပစ်အခတ်ရပ်စဲရေးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့ရဲ့ ကတိပေးမှုက မေးခွန်းထုတ်စရာကောင်းပါတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်မီရိုရှနစ်က ပြောပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ အပစ်ရပ်ရေးအဆိုပြုမှုတွေလုပ်ထားပေမဲ့ ရှေ့တန်းအဓိက နေရာတွေမှာ တိုက်ခိုက်မှုတွေ ဆက်ပြီးပြုလုပ်ခဲ့တယ်လို့ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့စကတည်းက ရုရှားစစ်တပ်ဟာ အကြိမ် ၃၀ နီးပါး တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ညပိုင်းကနေ မနက်အထိ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပါသေးတယ်။
ရုရှားတပ်တွေဟာ ဒုံးကျည်တွေ၊ လေကြောင်း ဗုံးကြဲမှုတွေ၊ ဒရုန်းတွေအသုံးပြုခဲ့ကာ ယူကရိန်းက ဒရုန်း ၉၀ ပစ်ချခဲ့ရတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ အောင်ပွဲနေ့အခမ်းအနားအတွက် မေ ၈ ရက်နဲ့ ၉ ရက်တွေမှာ အပစ်ရပ်မှာ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ဇလန်းစကီးက ရုရှားနဲ့ အပစ်ရပ်မှုကို ဗုဒ္ဓဟူးနေ့မှာ စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။










