ကိုင်ရိုအမြန်လမ်းတွင် ဆီသယ်ကားမှောက်ပြီး မီးလောင်မှုကြောင့် ၃၁ ဦး သေဆုံး

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရဲ့ အမြန်လမ်းမတခုပေါ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဆီသယ်ကားတစီး တိမ်းမှောက်ပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာကြောင့် ၃၁ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုင်ရိုမြို့လယ်ရဲ့ မြောက်ဘက် ဝါရက်ခ်ရပ်ကွက်အနီး မြို့ပတ်အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဗို့အားမြင့် လျှပ်စစ်ဓာတ်ကြိုးတချောင်း ဆီသယ်ကားရှေ့ကို ပြုတ်ကျခဲ့တာကြောင့် ယာဉ်မောင်းက ကားကို မထိန်းနိုင်တော့ဘူးလို့ နိုင်ငံပိုင် အယ်လ်အာရမ်သတင်းစာက ဖော်ပြပါတယ်။
ဆီသယ်ကားဟာ လမ်းလယ်အကာကို ကျော်ပြီး တိမ်းမှောက်ခဲ့ရာကနေ မီးစလောင်ခဲ့တာလို့ ဆိုပါတယ်။
အနီးအနားက ကားတွေပေါ်ကို ဓာတ်ဆီတွေ ဖိတ်စင်ခဲ့တာကြောင့် ကားအများအပြားလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
အခင်းဖြစ်နေရာကို လူနာတင်ယာဉ် ၃၉ စီး စေလွှတ်ခဲ့ပြီး မီးလောင်ဒဏ်ရာရသူတွေနဲ့ မီးခိုးငွေ့ ရှူမိသူတွေကို အနီးအနားက ဆေးရုံတွေမှာ ကုသပေးနေပါတယ်။
ဒေသဥပဒေအရာရှိက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကနေ ဒီအင်န်အေနမူနာတွေ ရယူဖို့ ညွှန်ကြားထားပါတယ်။
အီဂျစ်နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းမှု အားနည်းတာနဲ့ ယာဉ်စည်းကမ်း မလိုက်နာတာတွေကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
၂၀၂၅ ခုနှစ်က အီဂျစ်နိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၆,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ အခုအခါ မီးလောင်ပျက်စီးခဲ့တဲ့ ကားတွေကို ရှင်းလင်းပြီး အမြန်လမ်းကို ပြန်ဖွင့်ပေးထားပြီ ဖြစ်ပါတယ်။
Source:Reuters











