
အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ ပစ်လွှတ်လိုက်တဲ့ ဒရုန်းကို ကြားဖြတ်ဟန့်တားချိန်မှာ ဆော်ဒီအာရေဗျမှာ နေထိုင်သူ ယီမင်နိုင်ငံသားတယောက် စက်တင်ဘာ ၁၇ ရက်က သေဆုံးသွားခဲ့ကြောင်း ဆော်ဒီမြို့ပြကာကွယ်ရေးဌာနက ပြောကြားလိုက်ပါတယ်။
အခုလို အနောက်တောင်ပိုင်း တာအိဖ်ခရိုင်အတွင်း သေဆုံးမှုဟာ စစ်သွေးကြွ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးနောက်ပိုင်း ဒီလအတွင်း ဆော်ဒီအာရေဗျက ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ သေဆုံးမှုသတင်း ဖြစ်ပါတယ်။
ဒရုန်းကို ကြားဖြတ်ပစ်ခတ်ချိန်အတွင်း ဆော်ဒီအမျိုးသမီးတယောက်နဲ့ ပါကစ္စတန်နိုင်ငံသား တယောက်တို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီလအတွင်း လူပေါင်း ၈၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရီယာ့ဒ်အစိုးရက အရင်က ထုတ်ပြန်ထားပါတယ်။
ဟူသီအဖွဲ့ဟာ ကြာသပတေးနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဆော်ဒီတောင်ပိုင်းဒေသတွေကို စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ အရင်က ကြေညာထားဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယီမင်နိုင်ငံရဲ့ တာအစ်ဇ်၊ မာရစ်ဘ်နဲ့ ဟက်ဂျာ ပြည်နယ်တွေကို ဆော်ဒီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ပြုလုပ်ခဲ့တယ်လို့ ဟူသီအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆော်ဒီနဲ့ ယီမင်အကြား ပဋိပက္ခ ပြင်းထန်လာမှုဟာ အီရန်စစ်ပွဲရဲ့ နောက်ထပ် စစ်မျက်နှာတခု ဖြစ်လာနေပြီး ဟူသီအဖွဲ့က ယီမင်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဘားဘယ်လ်မန်းဒက် ရေလက်ကြားအတွင်းရှိ ကျွန်းတွေကို သိမ်းပိုက်လိုက်ပြီးနောက် ပင်လယ်နီ သင်္ဘောလိုင်း သွားလာရေးကိုပါ ခြိမ်းခြောက်လာနိုင်တာ ဖြစ်ပါတယ်။
Source: Reuters











