
ရုရှားက ယူကရိန်းကို ဇွန် ၂ ရက် အစောပိုင်းမှာ ဒရုန်းရာပေါင်းများစွာနဲ့ ဒုံးကျည်တွေ အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့လို့ လူ ၂၃ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၁၃၀ ဒဏ်ရာ ရခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားအစိုးရဟာ ဒုတိယမြောက်ညအတွက် ဆက်တိုက် အသစ်ထပ်ပြီး စတင်တိုက်ခိုက်နိုင်တယ်လို့ ပြောပါတယ်။
ဒါဟာ တလအတွင်း ကိယက်ဗ်မြို့တော်အပေါ် တတိယအကြိမ်မြောက် အပြင်းအထန် တိုက်ခိုက်မှု ဖြစ်ပေမဲ့ ရုရှားက ၂၀၂၂ ခုနှစ်ကစပြီး အိမ်နီးချင်းနိုင်ငံငယ်ကို ကျူးကျော်ပြီးကတည်းက ကိယက်ဗ် အပါအဝင် ယူကရိန်းမြို့တွေကို အဆက်မပြတ် တိုက်ခိုက်နေခဲ့တာပါ။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ‘အပြင်းအထန်ရှုတ်ချ’ တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က နယူးယောက်မြို့ ကနေ ပြောပါတယ်။
ဒီပဋိပက္ခမှာ အပြည့်အဝ၊ ချက်ချင်းနဲ့ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးဆီ ဦးတည်စေတဲ့ ချက်ချင်း တင်းမာမှုလျှော့ချရေး အတွက် ဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ထပ်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ယူကရိန်းနိုင်ငံရဲ့ ရုရှားထိန်းချုပ်ထားတဲ့ လူဟန်စ်ဒေသက အဆောင်တခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် မြို့တော်ကို ‘စနစ်တကျ’ တိုက်ခိုက်မယ်ဆိုတဲ့ ရုရှားရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ကိယက်ဗ်မြို့တော်နဲ့ ဒနီပရိုမြို့အပါအဝင် မြို့တွေကို တိုက်ခိုက်ခဲ့ ပါတယ်။
အဆောင်ကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူးလို့ ယူကရိန်းအစိုးရက ငြင်းဆိုခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် အမေရိကန် ကြားဝင် စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲတွေလည်း ရပ်တန့် နေပါတယ်။
အမေရိကန်အစိုးရက အီရန်ကို အာရုံစိုက်ခဲ့ပြီး ရုရှားရဲ့ စစ်မြေပြင်တိုးတက်မှုတွေ နှေးကွေး ခဲ့ပါတယ်။ ယူကရိန်းအစိုးရက ရုရှား ရေနံချက်စက်ရုံတွေကို ပိုတိုးမြှင့် တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်က အရပ်သားတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေလို့ ခေါ်ဆိုပြီးတဲ့ နောက် စစ်ပွဲက ပုံစံသစ်ထဲ ဝင်လာတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောခဲ့ပြီး ယူကရိန်းအစိုးရကလည်း ရုရှားတပ်ဖွဲ့တွေအပေါ် အလားတူ တန်ပြန်စွပ်စွဲခဲ့ပါတယ်။
ရုရှားအစိုးရက ပြီးခဲ့တဲ့အပတ်က စနစ်တကျ တိုက်ခိုက်မယ်လို့ သတိပေးခဲ့ပြီး ကိယက်ဗ်မြို့တော် ကနေ ထွက်သွားဖို့ နိုင်ငံခြားသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ရုရှားဟာ လောလောဆယ်မှာ ယူကရိန်းရဲ့ ငါးပုံ တပုံလောက်ကို ထိန်းချုပ်ထားပါတယ်။
Source: Reuters










