
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ထဲ တောတွင်းမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်အာဏာရှင်တပ်က ရိုက်နှက်ခဲ့သလို စစ်ရှောင်တွေအတွက် အသုံးပြုနေတဲ့ ထော်လာဂျီတစီးနဲ့ ကားတစီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ဒီးမော့ဆို–ဖရူဆို–ဘောလခဲ လမ်းပိုင်းကနေ စစ်ကြောင်းထိုးဝင်လာရင်း မေ ၉ ရက် မှာ တောတွင်းတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေနဲ့ တိုးခဲ့လို့ စစ်ရှောင်တချို့ကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ရှောင်တယောက်က “စစ်သားတွေက လူတွေကို ရိုက်နှက်တယ်။ စစ်ရှောင်တွေအတွက် အရေးကြီးတဲ့ ထော်လာဂျီတစီးနဲ့ ကားတစီးကိုလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒီးမော့ဆို–ဖရူဆို လမ်းပိုင်းကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားပြီး မေ ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း စစ်ကြောင်းနှစ်ကြောင်း ထပ်မံထိုးလာခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဖရူဆိုအရှေ့ခြမ်းနဲ့ ထားလဲ၊ ပရယ်တော်ကျေးရွာဘက်က ကျေးရွာတရွာနဲ့ စစ်ဘေးရှောင်စခန်းတခုက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် ဝှယ်ဒူးလျား စစ်ရှောင်စခန်းကိုလည်း မေ ၈ ရက်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာ တောတွင်းနဲ့ အနီးပတ်ဝန်းကျင် နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။










